မြတ်နိုး၊ ဩဂုတ် ၂၀ ရက်၊ မြစ်ကြီးနား
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက ရွာသာယာရွာ ကွင်းလမ်း မဖွင့်ပေးတော့တာကြောင့် မနေ့ ဩဂုတ် ၁၉ ရက်က ခရီးသွားနဲ့ ယာဉ်မောင်းတွေ လမ်းဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုကြကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ကွင်းလမ်း မဖွင့်ပေးတော့လို့ ဖွင့်ပေးမယ့်လမ်းလည်း မမြင်တော့လို့ ကားသမားတွေ အကုန်လုံး စုပြီးတော့ ဆန္ဒသွားပြတာပါ။ ဘယ်လိုမှ မဖွင့်ပေးတော့မယ့်အနေအထားကြောင့်မို့လို့ပါ” ဆိုပြီး ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ကသာခရိုင် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုရှိ မော်တိတ်နဲ့ သောင်းကြီးကြားက ရွာသာယာရွာ ကွင်းလမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။
“အဲလမ်းက ပိတ်တာကြာပြီ။ အင်းတော်နားဘက်က ကွင်းလမ်းလေ။ လချီရှိပြီ အဲဒါကြောင့် ဆန္ဒပြကြတာနေမှာ။ ကားတွေ အများကြီး ပိတ်မိနေတာ ဟုတ်တယ်။ အစပိုင်းကတော့ မိုးရွာလို့ ကားတွေ နစ်လို့ ပိတ်တာ ဟုတ်တယ်။ အခုကျတော့ သွားလို့လည်း ရလာရော လမ်း ပိတ်လိုက်တာ” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ကွင်းလမ်းထဲ ရောက်နေတဲ့ ကားတွေက လမ်းမပေါ် ပြန်ထွက်လာဖို့ ခက်ခဲနေပြီး တချို့ ကားသမားက နေမကောင်းဖြစ်ပြီး သေဆုံးသွားသူလည်းရှိကြောင်း ယာဉ်မောင်းတွေက ပြောဆိုကြပြီး ရွှေဖီမြေအနေနဲ့ကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီကွင်းလမ်း တစ်ခုတည်းမဟုတ်ဘဲ စီပိန်းနဲ့ မင်းကုန်းဘက်က ကွင်းလမ်းတွေလည်း ပိတ်ထားတယ်လို့ အထက်ပါ ယာဉ်မောင်းက ပြောပါတယ်။
အင်းတော်ဘက်မှာတော့ လမ်းမကြီးပေါ် စစ်တပ် ထိုင်နေပြီဖြစ်ပြီး သွားလာတာတွေ လုပ်လို့ရပြီဖြစ်ပေမဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတော့ ကွင်းလမ်းကနေ သွားခိုင်းနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွေဖြစ်တဲ့ မော်လူး၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စတဲ့နေရာတွေမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ရေးအခြေအနေအရ လမ်းပိုင်းတွေ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။