ရွှေဖီမြေ၊ ဇွန်လ ၂၅ ရက်၊ သထုံ
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ ဒူးသထူခရိုင် သထုံမြို့နယ် ကဒီပုကျေးရွာအုပ်စု ပဏ္ဍိကုန်းကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ဇွန်လ ၂၅ ရက်မှာ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက် ညနေ ၅ နာရီအချိန်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃)ကနေ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာထဲကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ကိုငယ်ရဲ့ နေအိမ်ကို ထိမှန်မီးလောင်ပျက်စီးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာစိုး (အသက် ၄၁ နှစ်)ဆိုသူနဲ့ မိစနေ (အသက် ၁၁ နှစ်)ဆိုသူလည်း လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပါတယ်။
ဒေါ်ဇင်မာစိုးမှာ ကိုယ်ဝန် (၇) လရှိသူဖြစ်ပြီး လွယ်ထားရတဲ့ အမြွှာသမီး ၂ ဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ကိုမောင်လေး (အသက် ၃၂ နှစ်) ဘယ်ဘက်ပေါင်တွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး အသက် ၅ နှစ်အရွယ် မိယွန်းဆိုသူလည်း ကျောပြင်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်မှာလည်း ကျိုက်ထိုမြို့နယ်အတွင်းက ဆောသုခီး (ကျောက်ဖျာ) ကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်)ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
သထုံမြို့နယ်အပြင် ကျိုက်ထိုမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။