ဝတ်ရည်၊ ဧပြီ ၂၄ ရက်၊ ဖားကန့်
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင် ကလေး ၁ ဦးသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၂၃ ရက် ည ၁၀ နာရီ ၅ မိနစ်မှာ ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာက စစ်ရှောင်တွေ နေထိုင်တဲ့နေအိမ်ပေါ်ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“မနေ့ညက တပ်မကုန်းကနေ ပစ်လာတာ။ ကလေး ၁ ဦးတော့ သေဆုံးသွားတယ်။ ဒီလုပ်ရပ်က ဒေသခံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်တိုက်ခိုက်နေတာပါ။ တိုက်ပွဲကလည်း ငြိမ်လိုက် ပြန်ဖြစ်လိုက်ပါပဲဗျ။ ဒီမနက်တော့ ငြိမ်နေဆဲပါပဲ”
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် စစ်ရှောင် ၁ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကစပြီး တိုက်ပွဲတွေ တဖန်ပြန်လည်ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၁၂ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်ပေါ်မှာ လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ ဒေသခံလူထုတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်အင်အားတွေဖြည့်တင်းထားတဲ့ ဖားကန့်- ကားလမ်းပိုင်းကြီးကို ဒီနေ့ ဧပြီ ၂၂ ရက်မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။