မိုင်းပန်ပျော်၊ ဩဂုတ် ၂၀ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာမှာ အိမ်ရှင်ဖြစ်သူက ကလေးကို ကျောင်းသွားပို့နေချိန် နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက် ၉ နာရီဝန်းကျင်မှာ မန်စပ်ရွာ စိုက်ခင်းရပ်ကွက် ၈ မှာရှိတဲ့ နေအိမ်တစ်အိမ်မှ အိမ်ရှင်က ကလေးကို ကျောင်းသွားပို့နေချိန် မီးလောင်ခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မန်စပ်ရွာရဲ့ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ပါ။ အဲအိမ်က သူများနဲ့လည်း ဝေးတယ်။ အိမ်ရှင်က သူ့ကလေးကို ကျောင်းသွားပို့တဲ့အချိန်မှာ သူ့အိမ်က မီးလောင်သွားတာ။ ဘာကြောင့် လောင်တာလဲ မသိဘူး။ အိမ်ထဲမှာတော့ ဘာမှမကျန်ဘူး အကုန်လုံး ပါသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ်အတွင်းမှာရှိတဲ့ ဆိုင်ကယ်တစ်စီး၊ ဆန်စပါးနဲ့ အခြားအိမ်သုံးပစ္စည်းအားလုံး မီးလောင်ပျက်စီးသွားပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ကျပ်သိန်း ၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ အတိအကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့ တိုးဂိတ်မှာ ကားဖြတ်သန်းခပေးဖို့ ရပ်နေတဲ့အချိန် ကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။