မိုင်းရူပ၊ မတ်လ ၂၅ ရက်
ရှမ်းမြောက် မိုးမိတ်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် (၁၃) တပ်ရှိတဲ့ တွင်းငယ်ကျေးရွာဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လာသလို မိုးမိတ်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ မတ်လ ၂၄ ရက်မှာတော့ မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။
“မိုးမိတ်ကနေလာတဲ့ စစ်ကြောင်းနဲ့ တွင်းငယ်ကနေလာတဲ့ စစ်ကြောင်းက သစ်ခွပင်ရွာမှာ ဆုံပြီး အဲဒီလမ်းပိုင်းတစ်ခုလုံး စကစရသွားပြီလို့ ပြောလို့ရတယ်။ တော်လှန်ရေးအဖွဲ့တွေ ဆုတ်သွားပြီ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၉ ရက်ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၂ ပတ်ကျော်အကြာမှာ အဲဒီလမ်းပိုင်းကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လက်အောက်ခံတပ်တွေအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နဲ့ ကျောင်းသားတပ် – ABSDF စတဲ့ တော်လှန်ရေးတပ်တွေဘက်က ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ်တွေဘက်က လက်နက်ခဲယမ်းလိုအပ်ချက်တွေနဲ့ လူအင်အားမမျှတော့တာကြောင့် မိုးကုတ်၊ မိုးမိတ်ကနေ တော်လှန်ရေးတပ်တချို့ ဆုတ်ခွာသွားရတာတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုးမိတ်- တွင်းငယ်လမ်းကို စကစရသွားပြီဆိုတော့ တော်လှန်ရေးတပ်ဘက်က ပိတ်မိမှာစိုးလို့ ဆုတ်ခွာတာရှိတယ်။ မိုးကုတ်- မိုးမိတ် စစ်ဆင်ရေးအဖွဲ့ ဆုတ်လိုက်ရတာပေါ့”
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် မန္တလေးတိုင်းထဲက နေရာတွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေ ဆက်တိုက် လက်လွှတ်နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။