ပပ၊ သြဂုတ် ၂၃ ရက်၊ မိုင်းပျဉ်း
ရှမ်းအရှေ့ မိုင်းပျဉ်းမြို့နယ်ထဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မနေ့ ဩဂုတ် ၂၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မိုင်းပျဉ်းမြို့နယ် တာကော်ကျေးရွာအနီးမှာ နာရီဝက်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ RCSS က ထုတ်ပြန်ပါတယ်။
စစ်တပ်က အထိအခိုက် များတာကြောင့် တပ်ဆုတ်လိုက်ရကြောင်း ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်သိရှိသူ သတင်းအရင်းအမြစ်က “ပြည်သူ့စစ်နဲ့ပေါင်းထားတဲ့ စစ်တပ်တပ်ဖွဲ့ဖြစ်တယ်။ သူတို့ ရှေ့တန်းထွက်တာနဲ့တိုးလို့ ပစ်ခတ်မှု ဖြစ်သွားတာ။ နှစ်ဖက်စလုံး ကျတယ်လို့ပြောတယ် အတိအကျတော့ မသိဘူး။ ဒီဘက်က တိုက်ပွဲ မဖြစ်တာကြာပြီ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲ ငြိမ်နေပေမဲ့ နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
RCSS ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်နဲ့လည်း နေပြည်တော်မှာ မကြာခဏ သွားရောက်တွေ့ဆုံနေပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။