ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာက အမျိုးသားတစ်ဦးဟာ စစ်ကြွင်းကျန် (RPG) လက်နက်အမျိုးအစားတစ်လုံးကို ကောက်ယူ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ရှရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဒီနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ မေလ ၁၁ ရက် ည နေ ၆ နာရီဝန်းကျင်တုန်းက အဲဒီအမျိုးသားဟာ ၎င်းရဲ့ခြံအနီးမှာ မပေါက်ကွဲသေးတဲ့ စစ်ကြွင်းကျန်လက်နက်ကို တွေ့ရှိခဲ့ပြီး နေအိမ်ကို ယူဆောင်လာကာ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှာပင် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် (၃၃) နှစ်အရွယ် စိုင်းထွန်းဟန်ဆိုသူဖြစ်ပြီး မိုင်းစထိမှန်တာကြောင့် ၎င်းရဲ့ခြေထောက်နဲ့ ဘယ်ဘက်လက် ပြတ်တောက်သွားခဲ့တဲ့အပြင် မျက်နှာမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြွင်း ကျန်လက်နက်တွေ၊ မိုင်းတွေနဲ့ သံသယဖြစ်ဖွယ်ပစ္စည်းတွေကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ ဖြုတ်ကြည့်ခြင်းတွေ မပြုလုပ်ဘဲ သက် ဆိုင်ရာအဖွဲ့အစည်းတွေထံ အမြန်ဆုံး အကြောင်း ကြားကြပေးဖို့ SSPP အဖွဲ့က တိုက်တွန်းထားပါတယ်။
ကျောက်မဲမြို့နယ်အတွင်းမှာ “၁၀၂၇” စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က ဒေသခံပြည်သူတွေနဲ့ တွေ့ ဆုံပွဲ ကျင်းပပြုလုပ်တိုင်း မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတား မြစ်ချက်တွေကို (၁၀) ကြိမ်ထက်မနည်း အသိပေးပြောကြားခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။