ရွှေဖီမြေ၊ ဇွန်လ ၁၇ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းပြီးမှ ညာဘက်ခြေထောက် တစ်ဖက်ဖြတ်လိုက်ရတယ်လို့ မိုင်းနင်းမိသူရဲ့ အစ်မဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နောင်ချိုမြို့ ဈေးကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ်ကိုမျိုးထက်လွင်ဆိုသူဟာ ယာခင်းထဲ ကြံစိုက်ရင်းနဲ့ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
အစ်မဖြစ်သူက “ယာခင်းမှာ ကြံစိုက်ရင်းနဲ့ နင်းမိတာ။ သူ့ရဲ့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်။ မျက်လုံး တစ်ဖက်လည်း ကွယ်သွားတယ်။ ယာခင်းထဲမှာ မီးလည်းရှို့ပြီးပြီ သူများလည်း လုပ်နေတာဆိုတော့ မိုင်းမရှိတော့ဘူးထင်လို့ သွားစိုက်တာ” လို့ ပြောပါတယ်။
မိုင်းနင်းမိသူ ကိုမျိုးထက်လွင်ဟာ လက်ရှိအချိန်အထိ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဆေးကုသမှုအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ဈေးကုန်းကျေးရွာမှာ မြေမြှုပ်မိုင်း နင်းမိသူ စုစုပေါင်း ၄ ဦးရှိပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာမျိုး မရှိဘူးလို့ အထပ်ပါအမျိုးသမီးက ပြောပါတယ်။
“ရွာမှာ မိုင်းနင်းမိတဲ့သူက ၄ ယောက်ရှိပြီ။ ကျမလည်းပါတယ်။ ကျမတို့က နှစ်လပိုင်း နှစ်ရက်နေ့တုန်းက ၃ ယောက်နင်းမိတာ။ အခုကျမရဲ့ မောင်အရင်းလည်း ထပ်ပြီး နင်းမိပြန်တယ်။ လုပ်စားစရာနေရာ မရှိလို့ အဲယာခင်းတွေဘဲရှိတယ်။ အဲမှာဘဲ သွားလုပ်ရတာ။ မိုင်းရှင်းပေးတဲ့သူလည်း မရှိဘူး။ ကိုယ့်ဟာကိုယ်ဘဲ ရှင်းတာ” လို့ပြောပါတယ်။
နောင်ချိုမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိသူတွေ များလာတာကြောင့် သက်ဆိုင်ရာက တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။
ဒေသခံတွေဟာ ခြံရှင်းရင်း မိုင်းနင်းမိတာ၊ အလုပ်သွားရင်း မိုင်းနင်းမိတာတွေနဲ့ နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းရင်း မိုင်းနင်းမိတာတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး ထိခိုက်ဒဏ်ရာရတာတွေအပြင် အသက်သေဆုံးရတဲ့အထိ ဖြစ်ပွားနေတယ်လို့ ကူညီပေးနေသူတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ရှမ်းမြောက်မှာ ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၇ ရက်အထိ ၅ လကျော်အတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။