ဆုမွန်၊ မေလ ၃၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ နေအိမ်ပြန်မလာနိုင်ကြသေးတဲ့ စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်တံခါးချပ်တွေ ခိုးယူနေတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ မေလ ၂၉ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ ထင်းရှူမြိုင် (၁) လမ်းဘက်မှာ သုံးဘီးနဲ့ အိမ်တံခါးချပ်တွေ သယ်ဆောင်လာတဲ့ အမျိုးသားနှစ်ဦးကို ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“သူတို့နှစ်ယောက်က သုံးဘီးနဲ့ အိမ်တံခါးချပ် ၁၂ ချပ် တင်သွားတာ။ ကင်းလှည့်တဲ့ ရဲအဖွဲ့တွေက သူတို့နှစ်ယောက်ကို မသင်္ကာလို့ဆိုပြီး စစ်ဆေးတာ။ ဒီသူခိုးအုပ်စုတွေက ရပ်ကွက် (၁) ဘက်ကလားမသိဘူး။ သူတို့ခိုးလို့ရသမျှ အကုန်ခိုးတာ။ ပရိဘောဂတွေ ကားတွေ ဆိုင်ကယ်တွေ အကုန်ခိုးကြတာပဲ” လို့ လားရှိုးဒေသခံက ဆိုပါတယ်။
လားရှိုးမှာ ခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒီနေ့ မေလ ၃၀ ရက် မနက်အစောပိုင်းမှာပဲ လားရှိုးမြို့ ရပ်ကွက် (၇) ရှိ ရွှေညောင်ပင်လမ်း နတ်စင်အနီးက နေအိမ်တစ်အိမ်ထဲမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး အခိုးယူခံခဲ့ရပါတယ်။
လားရှိုးမှာ သင်္ကြန်နဲ့ ကဆုန်လပြည့်နေ့တွေမှာ သူခိုးနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကောင်စီတပ်က လွတ်ငြိမ်းပေးပြီးနောက် ခိုးဆိုးလုယက်တာတွေ ဆက်တိုက် ဖြစ်ပွားလာတာလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၁၁) နေခြည်ကျောင်းအနီးက နေအိမ်ထဲမှာ မီးစက်နဲ့ မီးကြိုးဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက လိုက်ဖမ်းခဲ့ပြီး ရဲလက်ထဲ အပ်ခဲ့ရာ သူခိုး ၂ ဦး ပြန်လွှတ်လာပြီး ထပ်ခိုးလို့ ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုတွေအပြင် လူသတ်မှုတွေ၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။