ပပ၊ မေလ ၂၈ ရက်၊ မြဝတီ
ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို ဒီနေ့မနက်မှာ စစ်ကောင်စီတပ်နဲ့ ထိုင်းဘက်က ပြန်ဖွင့်ပေးပြီဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီရှိ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မေလ ၂၈ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြဝတီနဲ့ ထိုင်းနိုင်ငံ မဲဆောက်ကို ဆက်သွယ်ထားတဲ့ အမှတ်(၂) ချစ်ကြည်ရေး၊ ကုန်စည်ပို့ဆောင်ရေးတံတားကို စစ်တပ်က ပြန်ဖွင့်လိုက်ပြီး နှစ်နိုင်ငံရှိ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာနေကြပြီဆိုလို့ ဆိုပါတယ်။
မြဝတီရှိ အမျိုးသားတစ်ဦးက “တံတားက ပိတ်ထားတာကြာတော့ ထိုင်းဘက်ကကုန်တွေ မဝင်တာတော့ မဟုတ်ဘူး။ မှောင်ခို ဝင်နေတော့ ဈေးတအားတင်ရောင်းကြတယ်။ တံတား ပြန်ဖွင့်တော့ လူထုတွေအတွက် နည်းနည်းသက်သာမယ်ထင်တယ်” လို့ ပြောပါတယ်။
အမှတ်(၂) တံတားဟာ နှစ်နိုင်ငံအတွက် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တာကြောင့် လွတ်လပ်စွာ သွားလာလို့ရရင် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ ဒေသခံတွေက မျှော်လင့်ကြကြောင်း နောက်ထပ် မြို့ခံအမျိုးသမီးက ပြောဆိုပါတယ်။
၎င်းက “အရင်လို ခိုးသယ်ရင် ဟိုပေးဒီပေး ပေးရတာများလို့ အစားအသောက်တွေ လူသုံးကုန်တွေ ဈေးမတရားတက်တာ။ အခုက တရားဝင်လမ်းဆိုတော့ အရင်ကထက် ဈေးတွေ နည်းနည်းကျလာမယ်လို့ ဆုတောင်းနေရမယ်” လို့ ပြောပါတယ်။
နှစ်နိုင်ငံလုံးက တံတားကို ဖြတ်သန်းသွားလာခွင့် ပြုပေမဲ့ ယာဉ်နဲ့ကုန်စည်တွေကိုတော့ စစ်ဆေးတာတွေ ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။
အဲဒီတံတားကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တပ်ဘက်က စတင်ပိတ်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။