ပပ၊ ဩဂုတ် ၅ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ မိုးကြီးတာကြောင့် မြေနံရံ ပြိုကျလို့ တစ်ဦး ဒဏ်ရာ ရခဲ့သလို နေအိမ်လည်း ၂ လုံး ပျက်စီးခဲ့ကြောင်း ကူညီပေးသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၅ ရက် မနက်မှာ မိုးကြီးလွန်းတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ပန်းမရပ်ကွက်က နေအိမ် ၂ လုံး ပျက်စီးခဲ့သလို အိမ်ရှင်အမျိုးသမီးလည်း ဒဏ်ရာ ရခဲ့ပါတယ်။
ကူညီပေးသူ အမျိုးသားက “သူတို့အိမ်က တောင်စောင်းမှာဆိုတော့ အိမ်ကို မြေနဲ့ ကပ်ဆောက်ထားတာ။ အဲဒါကြောင့် မြေတွေ ပျော့ပြီး ပြိုကျလာတာ” လို့ ပြောပါတယ်။

၎င်းနေရာသို့ ဒေသခံတွေနဲ့အတူ ကြက်ခြေနီ၊ အနောက်ပိုင်း အရန်မီးသတ်နဲ့ လောကဟိတတို့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောပါတယ်။
မိုးရာသီမှာ မိုးကုတ်မြို့အပြင် ရှမ်းမြောက်က မြို့နယ်ရှိ ဒေသခံတွေလည်း မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်နိုင်တာကြောင့် ဂရုစိုက် နေထိုင်ကြဖို့ လိုအပ်ကြောင်း ပရဟိတအသင်းတွေက ပြောဆိုထားကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။