ရွှေဖီမြေ၊ မတ်လ ၃၁ ရက်
“ဝ” တပ်မတော် – UWSA ထိန်းချုပ်တဲ့ နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေအတွက် တရုတ်နိုင်ငံထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်ချက်တစ်ခုကို “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။
မနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့ တရုတ်နိုင်ငံသားတွေ ၎င်းတို့ နိုင်ငံထဲ ပြန်ဝင်ဖို့ စာရင်းသွင်းနိုင်တဲ့ လမ်းကြောင်းကို WSP က ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိပြီး ပြည်ပြန်ရေး လှုံ့ဆော်မှုတွေကိုလည်း ဆက်လက် တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ဝင်ထွက်ခွင့် စာရွက်စာတမ်းမရှိသူတွေနဲ့ တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရောက်လာသူတွေအနေနဲ့ ၎င်းတို့ ကိုယ်ပိုင်မှတ်ပုံတင်ကတ် ဒါမှမဟုတ် မိတ္တူကို ကိုင်ဆောင်ပြီး “ဝ” ပြည်မြို့တော် ပန်ဆန်း (ပန်ခမ်း) မြို့ရှိ Yunlong No.1 ဟိုတယ်မှာ စာရင်းပေးသွင်းရမယ်လို့ ဖော်ပြထားပါတယ်။
WSP ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ “ဝ” ပြည်ထဲ အထောက်အထားမရှိ၊ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား (၈၇,၈၉၆) ဦးတို့ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ မနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။