သုတ၊ မတ်လ ၃၁ ရက်၊ ထီးချိုင့်
စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့တစ်ခုလုံးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထီးချိုင့်မြို့နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာ မြို့တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိအနေအထားအရ ထီးချိုင့်မြို့တစ်ခုလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားတာ ဟုတ်တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့နေရာတချို့ကို ထိန်းချုပ်နိုင်ခဲ့ရာ ၂ လကျော်အကြာမှာတော့ ထိန်းချုပ်နယ်မြေတွေကို ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ထီးချိုင့်မြို့ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ “က” သုံးလုံးနယ်မြေဖြစ်တဲ့ ကောလင်း၊ ကသာနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ တည်ရှိပြီး ကချင်တပ် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။
ရှမ်းမြောက် မိုးမိတ်နဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ စစ်ကောင်စီဘက်က ထိန်းချုပ်လိုက်တာကြောင့် မိုးမိတ်-တွင်းငယ်-တကောင်း-ထီးချိုင့်မြို့အထိ စစ်ကောင်စီထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။