ရွှေဖီမြေ၊ သြဂုတ် ၅ ရက်၊ နေပြည်တော်
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုပြီး နေပြည်တော်ကို ရောက်နေတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ- NSPNC နဲ့ သြဂုတ် ၃ ရက်မှာ ဆွေးနွေးပြီး မနေ့ သြဂုတ် ၄ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။
ဆွေးနွေးမှုအတွင်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး UWSA ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ UWSA ဘက်က ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေပဲ ဆောင်ရွက်ဖို့ တုန့်ပြန်ထားပါတယ်။
UWSA ဟာ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ် ရေးထိုးထားပြီး ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ ခုခွဲကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။