ရွှေဖီမြေ၊ မတ်လ (၃၁) ရက်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် -UWSA က အသစ်ခန့်အပ်ခံထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဂုဏ်ပြုကြောင်း မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် တာဝန်လွှဲပြောင်းအခမ်းအနားကို မတ်လ ၃၀ ရက်မှာ အောင်မြင်စွာ ကျင်းပပြီး အရင်က တပ်မတော်ကာကွယ်ရေးချုပ်ဗိုလ်ချုပ်ကြီး မင်အောင်လှိုင်က (ကြည်း) တပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီ တာဝန်တွေကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖက်ဒရေးရှင်းပါတီ ဗဟိုကော်မတီ၊ ဖက်ဒရေးရှင်း ပြည်သူ့အစိုးရ၊ ဖက်ဒရေးရှင်းပူးပေါင်းတပ်မတော်ဌာနချုပ်နဲ့ လူမျိုးစု ပြည်သူတွေကလည်း အသစ်ခန့်အပ်ခံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဂုဏ်ပြုဆုမွန်ကောင်း တောင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ကာကွယ်ရေးနယ်ပယ်မှာ အတွေ့အကြုံများစွာရှိပြီး တာဝန်ယူမှုမြင့်မားသူ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
၎င်းရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်ဟာ နိုင်ငံတော်လုံခြုံရေးကို ပိုမိုခိုင်မာစေပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံတော် စစ်အရာရှိတစ်ဦးအဖြစ် လူသိများပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာလည်း တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။