မိုင်းပန်ပျော်၊ မတ်လ ၃၁ ရက်၊ မိုင်းလား
ရှမ်းရှေ့ မိုင်းလားမြို့မှာ ဆီပြတ်လပ်နေပြီး ဝယ်ယူလို့မရတဲ့ အခြေအနေအထိ ဖြစ်နေပြီလို့ မိုင်းလားမှာ အလုပ်လုပ်ကိုင်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီမတ်လ နောက်ဆုံးပတ်အတွင်းမှာပဲ မိုင်းလားမြို့တွင်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဝယ်ယူလို့မရတော့တဲ့ အခြေအနေအထိ ကြုံနေရတယ်လို့ မိုင်းလားမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုင်းလားမှာအခု ဆီလုံးဝပြတ်သွားပြီ။ ကျမတို့ ဆီသွားထည့်တာ မထည့်ပေးတော့ဘူး။ အရင်ပတ်ကတော့ ထည့်လို့ရသေးတယ်။ ဈေးတော့ တက်တာပေါ့။ အရင်ပတ်က သွားထည့်တာ ဆိုင်ကယ်တစ်စီး အပြည့်ဆိုရင် ၂၅ ယွမ် (မြန်မာငွေ ၁၅၀၀၀) ပဲ ရှိတယ်။ အခုက ယွမ် ၄၀ (၂၆,၀၀၀ကျပ်) လောက်ကျတယ်။”
မိုင်းလားမြို့မှာ ဆီလုံးဝပြတ်ပြီး ဝယ်ယူလို့မရတာကြောင့် မိုင်းလားမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေသူအများစုက ကား၊ ဆိုင်ကယ်တွေ မစီးတော့ဘဲ ခြေချင်နဲ့သာ အလုပ်သွားကြရတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ရွေဖီမြေကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ တရုတ်က မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဘက်ကို လောင်စာဆီ တင်ပို့ရောင်းချတာတွေကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားချက်တစ်ခု ပျံ့နှံ့ခဲ့ပြီး အဲဒီညွန်ကြားစာ ထွက်ပြီးတဲ့နောက်ပိုင်းပိုင်းမှာ တရုတ်-မြန်မာနယ်စပ်တကြောက မြို့နယ်တွေထံ စက်သုံးဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်ကြတာြဖစ်ပါတယ်။
လက်ရှိမှာ ရှမ်းမြောက်က မြို့နယ်တွေအပါအဝင် ရှမ်းရှေ့က မိုင်းလား၊ UWSA ထိန်းချုပ်တဲ့ ဒေသတွေဖက်ကပါ ဆီပြတ်လပ်မှုတွေ ကြုံတွေ့လာကြတာဖြစ်ပါတယ်။
အခုလက်ရှိ ရှမ်းမြောက်မှာ ဆီဆိုင်တွေ အများစုက ပိတ်ထားကြပြီး ဆီဈေးတွေကလည်း ဆက်တိုက်မြင့်တက်လာသလို ဓာတ်ဆီ တစ်လီတာကို ၁၂,၀၀၀ ကနေ ကျပ် ၂၀,၀၀၀ အထိ မြှင့်တက်လာနေပါတယ်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။