မိုင်းအရှိုင်း၊ မတ်လ ၂၄ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် – TNLA ၊ ကိုးကန့်တပ် – MNDAA ၊ အာရက္ခတပ်- AA တို့ ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်မှာ TNLA က တအာင်းအလံပြန်လည်လွှင့်ထူနေပြီလို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“TNLA အလံကိုင်ထားတာတွေ့လို့ ဘာလုပ်မို့လဲလို့ မေးတော့ အလံတွေ ပြန်လိုက်တပ်ရမယ်တဲ့။ မြို့နယ်မှူးတပ်ခိုင်းလို့တဲ့။ သူတို့အပေါ်မှာ လူကြီးတွေ အချင်းချင်းဘယ်လိုလဲ မသိဘူးတဲ့။ အခု အလံတွေ ပြန်လိုက်တပ်ခိုင်းလို့ သွားတပ်မလို့တဲ့။”
၁၀၅ မိုင်ကို ညီနောင် ၃ ဖွဲ့တို့က ၁၀၂၇ စစ်ဆင်ရေးအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကပဲ MNDAA က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တိုက်ခိုက်ခဲ့တဲ့အချိန် ၁၀၅ မိုင်မှာရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေကိုလည်း တစ်ပြိုင်နက်မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ကိုးကန့်တပ်က ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့မှာရှိတဲ့ တအာင်းအလံအားလုံးကို ဖြုတ်ချခဲ့ပြီး ဒီနေ့ မတ်လ ၂၄ ရက်မှာတော့ TNLA ဖက်က တအာင်းအလံတွေကို ပြန်လည်တပ်ဆင်လာတာ ဖြစ်ပြီး အုပ်ချုပ်ရေးကိုတော့ ပြန်လည်ဝင်ခွင့်ရမလားဆိုတာတော့ မသိရသေးပါဘူး။
MNDAA နဲ့ TNLA တို့ နှစ်ဖက်ခေါင်းဆောင်တို့ လောက်ကိုင်မှာ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်တပ်က မဟာမိတ်အဖြစ်ဆက်လက်လက်တွဲသွားဖို့ သဘောတူညီခဲ့ကြသလို မြေပြင်ပြဿနာတွေကို ထိပ်ပိုင်းခေါင်းဆောင်တွေဖြေရှင်းဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။