ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ ဖလမ်း
ချင်းညီနောင် (CB) နဲ့ ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီတပ်က မနေ့ ဧပြီ ၂၅ ရက်မှာ သတင်း ထုတ်ပြန်လာပါတယ်။
ဖလမ်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တစ်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး မနေ့ ဧပြီ ၂၅ ရက်မှာ ဖလမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဖလမ်းမြို့တိုက်ပွဲ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု များခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ ချင်းတော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကိုင်းနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ မြို့ဖြစ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့ မြို့လည်း ဖြစ်ပါတယ်။
ချင်းညီနောင် (CB) အဖွဲ့ကတော့ ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ချင်းပြည်နယ်အပါအဝင် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို စစ်တပ်ထံ လက်လွှတ်ခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။