အလင်း၊ မတ်လ ၃၁ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်မှာ လမ်းပြုပြင်ရေး လုပ်ကိုင်နေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် (၂၆) နှစ်အရွယ် Lia Dim Suan Nem (ခေါ်) Di Neam ဆိုသူက မနေ့ မတ်လ ၃၀ ရက်မှာ မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ Lia Dim Suan Nem ဟာ တီးတိန်မြို့နယ်၊ ထေးဇန်ရွာ ဇာတိဖြစ်ပေမဲ့ နယ်မြေမတည်ငြိမ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ခိုင်ကမ်းမြို့မှာ စစ်ဘေးရှောင်နေသူဖြစ်ပြီး ၎င်းဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရင်း မိုင်းနင်းမိခဲ့တာလည်း ဖြစ်ပါတယ်။
တီးတိန်ဒေသခံတစ်ဦးက “မိသားစုစားဝတ်နေရေးအတွက် တီးတိန်-ကလေး ကားလမ်းမပြုပြင်ရေး အလုပ်မှာ နေ့စားသမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ရင်း မွှာလ်ပီးရွာအနားမှာ မတော်တဆ မိုင်းနင်းမိတာပါ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အတွင်း အနီးအနားရှိ ဒေသခံတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ၎င်းကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြပြီး နီးစပ်ရာ ပြည်သူ့ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ကြပေမယ့် ပြင်းထန်ဒဏ်ရာတွေနဲ့ပဲ ဆေးရုံသို့ ရောက်ရှိချိန်မှာ အသက်မကယ်နိုင်တော့ဘဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
“ဒေသခံတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ဆေးရုံကို ချက်ချင်းပို့သေးတယ်။ ဒါပေမဲ့ ဒဏ်ရာက အရမ်းပြင်းထန်တော့ ဆေးရုံရောက်တဲ့ချိန်မှာ ကွယ်လွန်သွားတယ်။ မကယ်တင်နိုင်ခဲ့ဘူး။”လို့ တီးတိန်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
Lia Dim Suan Nem ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ မတ်လ ၃၁ ရက် နေ့လယ်မှာ သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆွက သိရပါတယ်။
အခု မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ တီးတိန်-ကလေး လမ်းမကြီးဟာ ယခင်က စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။