သုတ၊ မတ်လ ၂၂ ရက်၊ သိန္နီ
ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်ခေါင်ရွာအနီးနဲ့ နမ့်ဆလပ်ရွာမှာ ကိုးကန့်တပ်မတော်- MNDAA က ရေအားလျှပ်စစ် တည်ဆောက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“ဆိုင်ခေါင်ရွာဘက်က ရေချောင်း ရှိတယ်။ အဲမှာ ရေအားလျှပ်စစ် လုပ်နေတယ်။ နောက်တစ်နေရာက နမ့်ဆလပ်ဘက်မှာ လုပ်တာ။ ရေအားလျှပ်စစ် ထုတ်မယ့်နေရာက ဒေသခံတွေရဲ့ မြေတချို့ သိမ်းခံရတာ ရှိတယ်။ လျော်ကြေး ရမရတော့ မသိဘူး” လို့ သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့နယ်ထဲမှာရှိတဲ့ ရေအားလျှပ်စစ် တည်ဆောက်တဲ့နေရာကို ကိုးကန့်တပ်ရဲ့ သိန္နီခရိုင် အတွင်းရေးမှူးက သွားရောက် ကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာ ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ရေအားလျှပ်စစ် စီမံကိန်းကနေ ရရှိလာမယ့် စွမ်းအင်တွေကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတာကိုတော့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာ မတွေ့ရပါဘူး။
သိန္နီမြို့နယ်မှာ ရေအားလျှပ်စစ် စီမံကိန်းအပြင် တရုတ်လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံတာ ပိုများလာပြီး မြို့တွင်းထဲရှိ ဆိုင်တွေရဲ့ ဆိုင်းဘုတ်ကိုလည်း တရုတ်စာ အသုံးပြုလာကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တစ်ဖက်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်တပ်ဘက်က ပြန်တောင်းနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒါ့အပြင် သိန္နီမြို့ပြင်က မြေနေရာတွေကို တရုတ်လုပ်ငန်းရှင်တွေက ငှက်ပျောသီးနဲ့ကြံ အဓိက စိုက်ပျိုးမှာဖြစ်ပြီး ဒေသခံတွေရဲ့ မြေယာတွေ အဓမ္မ သိမ်းယူခံရတာ ရှိနေတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။