ဓာတ်ပုံ- Local

ဝတ်မှုံ၊ မတ်လ ၂၂ ရက်၊ ကွတ်ခိုင်

ကချင်တပ်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲက TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်မွှေနှောက်ပြီး အိမ်ထဲက ပရိဘောဂပစ္စည်းတွေ အကုန်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာ ရပ်ကွက်(၁)ရှိ TNLA ရဲ့ ရဲစခန်းကို ကိုးကန့်တပ်ဘက်က ဝင်ရောက်သိမ်းယူခဲ့ပြီးနောက် ရဲစခန်းအနီးဝန်းကျင်က တအာင်းလူမျိုးရဲ့ နေအိမ် ၈ အိမ်ဝန်းကျင်ကို ဝင်ရောက် မွှေနှောက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲနားက အိမ်ရှင်တွေလည်း ရှောင်ကုန်ပြီလေ။ သူတို့(MNDAA)က အိမ်ထဲ ဝင်မကြည့်ခိုင်းဘူး။ အဖွားတစ်ယောက် သွားကြည့်သေးတယ်။ သူတို့က အဲအဖွားကို ဘယ်လမ်းကနေ လာတာလဲဆိုပြီး မေးတာ။ အဖွားက ခြံလမ်းဘက်ကနေ လာတယ်လို့ ပြောလိုက်တော့ နောက်တစ်ခါ မလာနဲ့တဲ့။ လာရင် သေနတ်နဲ့ ပစ်မယ်တဲ့။ အဖွားက အိမ်ထောင်စုတွေ မှတ်ပုံတင်တွေ လာရှာတာလို့ ပြောလိုက်တော့မှ အိမ်ထဲ ဝင်ကြည့်ခိုင်းတာ။ သူလည်း ခဏ ဝင်ကြည့်ပြီး မတွေ့တော့ ပြန်ထွက်သွားတာ။ နောက်တစ်ခါ ပြန်မလာနဲ့တဲ့”

TNLA ရဲ့ ရဲစခန်းအနောက်ဘက်ရှိ အိမ်တစ်အိမ်ထဲ ဝင်မွှေချိန်မှာ TNLA ရဲ့ ရပ်ရွာလုံခြုံရေးတပ်ဖွဲ့ရဲ့ ဝတ်စုံတစ်စုံ တွေ့ခဲ့တာကြောင့် ဆိုင်ကယ်အပါအဝင် အိမ်ထဲက ပရိဘောဂပစ္စည်း၊ ဆိုလာပြားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ကိုးကန့်တပ်ဘက်က ကားနဲ့သယ်ဆောင်သွားပြီး မလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ အိမ်ရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“ရဲစခန်းရဲ့ နှစ်အိမ်ကျော်မှာ သူတို့က အဲဒီရပ်ရွာလုံခြုံရေးဝတ်စုံတစ်စုံ တွေ့လို့ အပြင်ယူလာပြီး သူတို့အိမ်ရှေ့ချိတ်ပြီး ဓာတ်ပုံ ရိုက်ပြီးတော့ အိမ်ထဲက ပစ္စည်းတွေတော့ အသုံးဝင်တဲ့ဟာ သူတို့အကုန်ယူသွားတယ်။ အိမ်ထဲက အဝတ်အစားတွေတော့ သူတို့အိမ်အပြင်ဘက်မှာ ပစ်ထားတာ။ အခုရက်ပိုင်း မိုးရွာနေတော့ အဝတ်တွေလည်း ပေကုန်တယ်လေ။ ပေကုန်တော့ သူတို့စုပြီး မီးရှို့ပစ်လိုက်တာ။ ဆိုလာပြားတွေလည်း ယူသွားကြတယ်။ အဲအနီးအနားက ဆိုင်ကယ်တွေလည်း အကုန်ယူသွားကြတယ်။ ဆိုင်ကယ် ၅ စီး ၆ စီးလောက် ပါသွားမယ်ထင်တယ်။ ရဲစခန်းကပစ္စည်းတွေ မဟုတ်ဘူးလေ။ အကုန် ဒေသခံတွေရဲ့ဟာပဲ။ အဲအနီးအနားက အိမ်တွေထဲက အိမ်သုံးပစ္စည်းတွေဆို သူတို့လိုအပ်တာ အကုန်ယူသွားကြတာပဲ။ အဲနားမှာ ဒေသခံတွေကို ဝင်ခွင့်မှ မပေးတာ။ သူများရဲ့ ထင်းတွေလည်း ယူသွားကြတယ်။ ထင်းကတော့ သူ့တို့ပစ်သတ်ထားတဲ့ ရဲတစ်ယောက်နဲ့ ဒေသခံတစ်ယောက်ရဲ့အလောင်းကို မီးရှို့ဖို့ ယူသွားကြတာထင်တယ်”

အနီးအနားရှိ တအာင်းဒေသခံတွေက လက်ရှိအချိန်ထိ ၎င်းတို့ရဲ့ နေအိမ်ဘက် ပြန်လာလို့ မရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်က တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကွတ်ခိုင်တိုက်ပွဲအတွင်း MNDAA ရဲ့ ဒရုန်းဗုံးနဲ့ သေနတ် ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။