ရွှေဖီမြေ၊ စက်တင်ဘာ ၁၂ ရက်၊ နမ့်ဆန်
လက်ဖက်မြေ ပညာရေးဖောင်ဒေးရှင်း- TLEF က ဦးဆောင်ဖွင့်လှစ်မယ့် ၂ နှစ်ကြာ လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄)ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်က နမ့်ဆန်မြို့ထဲ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
TLEF က ဖွင့်လှစ်တဲ့ လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း – TLSPS အပတ်စဉ် (၄) ကို သင်တန်းသား ၂၂ ဦးနဲ့ သင်တန်းသူ ၁၄ ဦး စုစုပေါင်း (၃၆) ဦး တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်။
အခမ်းအနားသို့ တအာင်းတပ်မတော်ရဲ့ အထွေထွေ အတွင်းရေးမှူး ၂ တားပန်လ၊ တအာင်းပြည်ကောင်စီ- TLC၊ တအာင်းပါတီ- TNP၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းအပြင် ဒေသခံလူထုနဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းကာလကတော့ ၂ နှစ် ကြာမြင့်မှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ၊ တအာင်းဘာသာသုံးမျိုးနဲ့ သင်ကြားသွားမယ်လို့ ဆိုပါတယ်။
ဒီသင်တန်းက တအာင်းလူငယ်တွေကို နိုင်ငံရေး အတွေးအခေါ်၊ ဦးဆောင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်နိုင်မယ့် လူငယ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးမယ့် သင်တန်းကျောင်း ဖြစ်ပါတယ်။
လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် ၁ ကို ၂၀၁၆ ခုနှစ်က ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၂ ကိုတော့ ၂၀၁၈ ခုနှစ် လားရှိုးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အပတ်စဉ် ၃ ကို နမ့်ဆန်မြို့နယ်ထဲ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဒီပလိုမာဘွဲ့ ပေးအပ်တဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။