မိုင်းဖိူမ်းဆငဲ၊ ဝတ်ရည်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့်လတွေအတွင်း စစ်မှုထမ်းဖို့အတွက် လူအစားထိုး သွားလို့ရမှာ မဟုတ်တော့တာကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လာမယ့် မတ်လမှာ လားရှိုးမြို့ပေါ်က ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းဖို့ တာဝန်ကျတဲ့ အိမ်ရှင်တွေကိုယ်တိုင် သွားရမှာဖြစ်ပြီး လူအစားထိုး သွားခွင့် မပြုတော့ကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က ဒေသခံတွေထံ ပြောကြားထားတယ်လို့ ဆိုပါတယ်။
“အခုက လူတော့ မကောက်သေးဘူး။ လားရှိုးရပ်ကွက် (၁၂) က သူတို့ စိုးမိုးတဲ့နေရာကိုတော့ လက်ရှိ ငွေပဲကောက်သေးတယ်။ ငွေကောက်တာက စစ်မှုထမ်းကြေးလေ။ နယ်မြေတစ်ခုနဲ့တစ်ခု မတူကြဘူး။ တချို့နယ်မြေတွေတော့ မကောက်ကြသေးဘူး။ အခုက အစားထိုးဖို့အတွက် ငွေပေးရတဲ့သဘော။ အခုက လူအစားထိုးမရှိပဲ စစ်မှုထမ်းဖို့အတွက် စာရင်းပါရင် အဲလိုဆို သိန်းချီပေးရတယ်”
လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စစ်မှုထမ်းဖို့ ကိစ္စနဲ့ လာရောက်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “အုပ်ချုပ်ရေးမှုူးတွေက စစ်မှုထမ်းဖို့ လူတွေကို ရပ်ကွက်တိုင်းက လူထုတ်ပေးရမှာလေ။ ထွေအုပ်ကို စာရင်းပေးရမယ်။ စစ်မှုထမ်းဖို့အတွက်လည်း အိမ်ထောင်စုစာရင်းတိုင်း ကောက်ပေးရတယ်။ တခြားရပ်ကွက်မှာ မကောက်သေးတာ မဟုတ်ဘူး။ အလှည့်မကျသေးလို့ မကောက်တာပါ” လို့ ပြောပါတယ်။
စစ်မှုထမ်းကြေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းစပြီး စစ်မှုထမ်းစာရင်းထဲ ပါတဲ့သူတွေက ရပ်ကွက်အလိုက် ၅ ထောင်ကနေ ၂ သောင်းကျပ်အထိ ပေးကြရတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ဆိုပါတယ်။
“ကောက်တာ ၁ လလောက်ရှိပြီ။ တစ်လ ၂ သောင်းတဲ့”ဆိုပြီး ရက်ကွက် (၁) မှာ နေထိုင်တဲ့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ကစပြီး လားရှိုးမြို့ထဲက အသက်ပြည့်တဲ့ လူငယ်စာရင်းတွေကို လိုက်လံကောက်ခံခဲ့ပြီး အဲစစ်မှုထမ်းစာရင်းထဲ ပါဝင်တဲ့သူတချို့က စစ်မှုထမ်းကြေးပေးဆောင်ကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က စတင်ခေါ်ယူနေပြီး စစ်မှုထမ်းဖို့ တာဝန်ကျတဲ့သူတွေအနေနဲ့ အသင့်ပြင်ထားဖို့ အစည်းအဝေးတွေမှာ ပြောဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောဆိုပါတယ်။
အလားတူ ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာလည်း စစ်ကောင်စီတပ်က တပ်သားသစ် ခေါ်ယူနေကြောင်း စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းတာတွေ ပြုလုပ်နေပြီး အပတ်စဉ် (၁) ခုကို လူအင်အား ၅,၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။