ရွှေဖီမြေ၊ ဇူလိုင် ၁၉ ရက်
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁၉ ရက် တွေ့ဆုံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
“တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် နေပြည်တော်ကို မနေ့ကတည်းက ရောက်နေတယ်။ ဒီနေ့ တွေ့ဖြစ်ကြမယ်ထင်တယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ PSLF ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဗိုလ်မှူးချုပ် တားဂူဇာရ်နဲ့ ဗိုလ်မှူး ကုင်နောတို့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ- NSPNC ရဲ့ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
နှစ်ဖက်တပ်ဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
TNLA နဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ လကုန်ပိုင်းကစပြီး ယာယီ အပစ်ရပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ “ဝ”တပ်ဖွဲ့ (UWSA)၊ ရှမ်းတပ် (SSPP)၊ မိုင်းလားတပ် (NDAA) တို့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။