မိုင်းရူပ၊ ဇန်နဝါရီ ၂ ရက်
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အကြား အပြန်အလှန်ပိတ်ထားခဲ့တဲ့ ရှမ်းမြောက် လားရှိုး- သီပေါမြို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာသွားပြီလို့ သိရပါတယ်။
MNDAA တပ်ဟာ သီပေါတံတားကနေ သီပေါ- နမ့်လန်သွားတဲ့လမ်းပိုင်း ၉ မိုင်လမ်းခွဲအထိ မနေ့ ဇန်နဝါရီ ၁ ရက်မှာ ဆုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လားရှိုးမြို့ပြင်ရှိ မယ်ဟန်ရွာမှာလည်း MNDAA ဘက်က ၎င်းတို့ရဲ့ အခွန်ဂိတ်ကို ဒီနေ့ ဇန်နဝါရီ ၂ ရက်မှာ ဖယ်ရှားနေတာ တွေ့ရတယ်လို့ မယ်ဟန်ရွာမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် မယ်ဟန်ဂိတ်မှာ ကိုးကန့်တွေ မစောင့်တော့ဘူး။ ဂိတ်ဘေးက သူတို့နေတဲ့နေရာ ဖြိုနေတာ။ ကိုးကန့်စစ်သားတွေကတော့ ရှိသေးတယ်။ အလံလည်း ဖြုတ်တာ မတွေ့ရဘူး” လို့ ဆိုပါတယ်။
MNDAA နဲ့ နီးစပ်သူတွေကတော့ စစ်ကောင်စီနဲ့ သဘောတူမှုအရ အခွန်ဂိတ်တွေကိုသာ ဖယ်ရှားပေးတာဖြစ်ပြီး ကိုးကန့်တပ်ရဲ့ အုပ်ချုပ်မှုအောက်သာ ရှိနေမယ်လို့ ဆိုပါတယ်။
“ကိုးကန့်တပ်တွေ မယ်ဟန်ကနေ ဆုတ်မှာမဟုတ်ဘူး။ အခွန်ကောက်တဲ့ဂိတ်ကို ဖယ်ပြီး အင်အားလျော့လိုက်တဲ့ သဘောပါ” လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်မှာ လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ MNDAA အကြား တွေ့ဆုံမှု ပြုလုပ်ပြီးနောက် လားရှိုးနဲ့ သီပေါကြား တပ်ဆုတ်ပေးတာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
MNDAA ဘက်က သီပေါတံတားကနေ ဆုတ်ပေးလိုက်ပြီးနောက် တံတားကို ပြန်ဖွင့်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့်ပေးတာ မတွေ့ရသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဖက်တပ်တွေ အပစ်ရပ်ပြီးနောက် ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်က နေရာတွေအပြင် သိန္နီမြို့ကိုပါ စစ်ကောင်စီက ပြန်တောင်းနေပြီး MNDAA ဘက်က လက်ခံခဲ့တာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။