အလင်း၊ မတ်လ ၂၀ ရက်၊ ဟားခါး
ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အနီးဝန်းကျင်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့အတူ သေနတ်ပစ်ခတ်သံ တပြိုင်နက် ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့ မတ်လ ၂၀ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ဟားခါးမြို့ ပြည်နယ်လွှတ်တော် အဆောက်အအုံအနီးတဝိုက်မှာ ပေါက်ကွဲသံ အကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လက်နက်ငယ် ပစ်ခတ်သံ ဆက်တိုက် ထွက်ပေါ်လာတာကြောင့် မြို့ခံတွေအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“နံနက်ပိုင်းမှာ ပေါက်ကွဲသံ အကျယ်ကြီး အရင်ကြားရတာ။ တမြို့လုံး တုန်သွားသလိုပဲ။ အဲဒီနောက်မှာ သေနတ် ပစ်ခတ်သံတွေပါ ထပ်ကြားရတာပါ။ လတ်တလောတော့ အခြေအနေကို ဘယ်သူမှ အနီးကပ် မသွားရဲကြသေးဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ဖြစ်ပွားတဲ့အချိန်ဟာ ပြည်နယ်လွှတ်တော် အဆောက်အအုံအတွင်း စစ်ကောင်စီရဲ့ ပြည်နယ်အဆင့် အစည်းအဝေးတစ်ခု ကျင်းပနေချိန်ဖြစ်ကြောင်း သိရပါတယ်။
“လွှတ်တော်ရုံးမှာ အစည်းအဝေး ကျင်းပနေချိန်မှာ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဖြစ်တာပါ။ လုံခြုံရေးကလည်း အပြည့်ချထားတယ်။ အဲကြားကနေ အခုလို ဖြစ်တာပါ” လို့ အထက်ပါ ဟားခါးမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။
ဒီနေ့ မတ်လ ၂၀ ရက်မှာ စစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးမှာ ပြုလုပ်ဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။
ဒီနေ့မနက် ပေါက်ကွဲမှုနဲ့ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။