ဝတ်ရည်၊ မတ်လ ၂၁ ရက်၊ ကသာ
စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံယာတော်အပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ရှိ သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ကသာမြို့ ရပ်ကွက် ၃ ရှိ လေထပ်ဘုန်းကြီးကျောင်းနဲ့ ပန်းပဲကုန်းဘက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
“အလောင်းအများဆုံးက ခန္ဓာကိုယ် အစအပိုင်းတွေ အသားအစတွေ ပြန့်ကျဲနေတာ။ အလောင်းတွေတောင် ဘယ်သူ့အလောင်းမှန်း ခွဲရခက်ကြတာ။ တချို့အလောင်းက မီးထဲပါတော့ မရတဲ့ အလောင်းတွေလည်း ရှိတယ်။ အဲဒီထဲမှာ ဘုန်းကြီးနဲ့ ကလေးငယ်တွေလည်း ပါတယ်။ အဲကျောင်းမှာက စစ်ရှောင် ၂၀၀ ကျော် နေထိုင်တာ ရှိတယ်။ ပန်းပဲကုန်းဘက်လည်း ကြဲတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ အခု လောလောဆယ်အထိတော့ စာရင်းအတိအကျ မရသေးပါဘူး”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအပြင် ဒဏ်ရာရရှိသူ များနေတာကြောင့် သေဆုံးသူစာရင်း ထပ်တိုးလာနိုင်ပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးတဲ့ အလောင်းတွေလည်း ရှိနေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
မနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းမှာ ကသာမြို့ရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၃၀၉ နဲ့ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပန်းပဲကုန်းဘက်အထိပါ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက် ကသာမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မနေ့ မတ်လ ၂၀ ရက်မှာတင် မြောင်မြို့နယ် နဘက်ရွာကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲ စစ်ကိုင်းတိုင်းက အများဆုံး တိုက်ခိုက်ခံရပြီး မကွေးတိုင်းက ဒုတိယအများဆုံးဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့- MDSI ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။