ဆုမွန်၊ မတ်လ ၂၄ ရက်၊ နမ့်ခမ်း
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်ကနေ ကိုးကန့်တပ်- MNDAA ရဲ့ တပ်သားတချို့ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ခမ်းမြို့နယ် ပန်းဆေးရွာမှာ အင်အား ဖြည့်တင်းထားတဲ့ MNDAA တပ်ဟာ မနေ့ မတ်လ ၂၃ ရက် မနက်ပိုင်းမှာ အင်အား ၂၀၀ ကျော်ဟာ နမ့်ဖတ်ကာဘက် တပ်ဆုတ်ခွာတာ ရှိခဲ့ပေမဲ့ ၁၂ မိုင်ဂိတ်မှာတော့ ဆက်လက် တပ်စွဲထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ သူတို့ နမ့်ဖတ်ကာဘက်သွားတာ ကားတွေနဲ့ အများကြီးပဲ။ အဲလူတွေ ဟိုအရင်ရက်က အင်အား လာဖြည့်တဲ့သူတွေပဲ။ အရင်က TNLA တပ်သားတွေ ထိုင်တဲ့နေရာမှာ သူတို့အကုန်ထိုင်နေကြတယ်။ ပြီးတော့ ၁၃ မိုင်မှာရှိတဲ့ စာသင်ကျောင်းမှာလည်း သူတို့ပဲနေတယ်။ အခု TNLA တပ်သားတွေက ကြားထဲမှာပဲနေတာ။ မနေ့သူတို့အကုန်မသွားဘူးထင်တယ်။ ဂိတ်မှာ သူတို့ရှိနေတုန်းပဲ။ ၁၂ မိုင်ဂိတ်မှာလည်း သူတို့အလံ ထောင်နေတုန်းပဲ “
MNDAA တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး ပန်းဆေးရွာနဲ့ ၁၂ မိုင်ရွာဘက် အင်အား အလုံးအရင်း ဖြည့်တင်းခဲ့တာကြောင့် နမ့်ခမ်းမြို့အတွင်း ထိုးစစ် ဆင်လာမှာကို ဒေသခံတွေက စိုးရိမ်ခဲ့တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
နောက်ထပ် အမျိုးသားတစ်ဦးက “မနေ့ ပြန်သွားတဲ့အဖွဲ့က ကွန်မန်ဒိုအဖွဲ့တွေထင်တယ်။ ဒရုန်းနဲ့ လက်နက်ကြီးတွေ ကားနဲ့ သယ်သွားတယ်။ မနေ့ သူတို့အများကြီး ပြန်သွားတာ ဖိုးဝီးကား ၁၃ စီးနဲ့ ပစ္စည်းတင်တဲ့ ကားကြီး ၃ စီး ရှိမယ်။ နမ့်ဖတ်ကာမှာ သူတို့သွားစုနေတာ။ အဲဒီ ၁၀၅ မိုင်က လာတဲ့အဖွဲ့တွေကောပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က MNDAA တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တိုက်ခိုက်ခဲ့တဲ့အချိန် နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားက ၁၂ မိုင်ရွာမှာရှိတဲ့ TNLA တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
MNDAA နဲ့ TNLA ရဲ့ နှစ်ဖက်ခေါင်းဆောင် လောက်ကိုင်မှာ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်တပ်က မဟာမိတ်အဖြစ် ဆက်လက် လက်တွဲသွားဖို့ သဘောတူညီခဲ့ကြသလို မြေပြင်ပြဿနာတွေကို ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြေရှင်းဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။