ရွှေဖီမြေ၊ မတ်လ ၂၄ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ်- MNDAA က ကွတ်ခိုင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ အချက်တချို့နဲ့ ဒီနေ့ မတ်လ ၂၄ ရက် MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အချက်အလက်ဟာ ကွဲလွဲတာတွေ ရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ကိုးကန့်တပ်က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် လမ်းစဉ်ကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှာ မဟုတ်ဘဲ တန်းတူညီမျှရေးကို အလေးထားသွားမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲ တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှာ မဟုတ်ဘဲ တန်းတူညီမျှရေးကို အလေးထားသွားမယ်လို့ ဖော်ပြထားပေမဲ့ မြေပြင်အစည်းအဝေးမှာတော့ တအာင်းကျေးရွာရှိ စာသင်ကျောင်းတွေမှာ တအာင်းအလံ မထောင်ဖို့ နဲ့ ရွာအဝင် ဆိုင်းဘုတ်တွေကို တအာင်းအလံပုံစံ ဆေးမချယ်ဖို့ ပြောဆိုခဲ့တာ ရှိတယ်လို့ မတ်လ ၂၀ ရက်က ကာလိုင်ရွာမှာ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အစည်းအဝေးထဲမှာ ကချင်ရွာတွေလည်း ပါတာပဲ။ သူတို့ကိုကျတော့ ဘာမှမပြောဘူးလေ။ ကချင်လူမျိုးတွေကို ဆိုင်းဘုတ်ကိစ္စ အလံကိစ္စ စာပေကိစ္စ တစ်ခွန်းမှ မပြောခဲ့ပါဘူး။ တအာင်းတွေကိုပဲ ပြောတာ”
ဒါ့အပြင် အစည်းအဝေး ပြီးတဲ့နောက် မတ်လ ၂၁ ရက်မှာလည်း ကွတ်ခိုင်မြို့နယ်ထဲက တအာင်းရွာတချို့ရှိ ရွာအဝင်ဆိုင်းဘုတ်မှာ ချယ်ထားတဲ့ တအာင်းအလံပုံစံတွေကို ကိုးကန့်တပ်က လာရောက်ဖျက်ဆီးသွားတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က တအာင်းအလံ ချယ်ထားတဲ့ဟာ ဖျက်လိုက်တဲ့။ ဆိုင်းဘုတ်ကို အကုန် အဖြူရောင်ပဲ လုပ်တဲ့။ တအာင်းစာကတော့ ဘာမှမပြောပါဘူး။ တခြားလူမျိုးတွေကို ပြောမပြောတော့ ကျနော်တို့လည်း မသိပါဘူး။ တစ်ခြားလူမျိူးတွေ ပြောသံလည်း မကြားမိပါဘူး။ ကျနော်တို့ကိုတော့ သူတို့ကိုယ်တိုင် ပြောပါတယ်” လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ကွတ်ခိုင်မြို့နယ်ထဲက တအာင်းရွာတွေဟာ ကိုးကန့်တပ်ရဲ့ ပြောဆိုချက်ကို ကြောက်တာကြောင့် ကျေးရွာဆိုင်းဘုတ်တွေကို အရောင်ဆိုးပြီး ဖျက်ထားရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အလားတူ ကချင်တပ်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲက TNLA ရဲ့ ရဲစခန်းအနီးဝန်းကျင်ရှိ တအာင်းလူမျိုးရဲ့ နေအိမ် ၈ အိမ်ကိုလည်း ကိုးကန့်တပ်က ဝင်ရောက်မွှေနှောက်ပြီး အိမ်ထဲက ပရိဘောဂပစ္စည်းတွေ ယူဆောင်သွားတာ ရှိသလို ဒေသခံတွေကိုလည်း ၎င်းတို့ရဲ့နေအိမ်မှာ ပြန်လည် နေထိုင်ခွင့် မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။