ပို့လဘား၊ ဧပြီလ ၂၄ ရက်၊ ပခုက္ကူမြို့
မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် ၁၀၁ မှ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီလ ၂၃ ရက် ည ၁၁ နာရီ ၁၂ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီးတစ်စီးဟာ ပခုက္ကူတပ်အနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ည ၁၁ ကျော် လူအိပ်တဲ့အချိန်မှာ ပျက်ကျတာ။ သူတို့စက်ချို့ယွင်းမှုကြောင့်ပေါ့။ လူသေဆုံးတာတွေတော့မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမယ်” လို့ ပြောပါတယ်။
အဲဒီ စက်တပ်လေထီး မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) မှ တက်လာတဲ့ စက်တပ်လေထီးတစ်စီးဟာ ဆိပ်ဖြူမြို့နယ်ရှိ မုန်တိုင်ချောင်းအနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ငှာနချုပ် (နမခ)သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။