ဆုမွန်၊ မတ်လ ၇ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၅ ရှိ နေအိမ်အရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၃ ဦးက ခိုးယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မတ်လ ၃ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၁ က နေအိမ်တစ်အိမ်ထဲမှာလည်း ကား ၂ စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးယူခံရခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်ထဲမှာ ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးခံရတဲ့သတင်းက အခုချိန်ထိ ပျောက်နေတယ်။ လားရှိုးမှာ အတော်သောင်းကြမ်းနေတာ။ ဖမ်းမိတယ် မကြားပါဘူး။ သူတို့က အရေးယူတာထက် မိလည်း ငွေ ပေးရင် ပြန်လွှတ်တယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းပဲ။ အရင်က ကိုးကန့်ရှိတဲ့အချိန် အဲလိုမလုပ်ရဲဘူး။ အခုက သူခိုးရော ဘိန်းစားတွေရော များလာတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၂ ရက် လပြည့်နေ့မှာလည်း လားရှိုးမြို့မှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုအပြင် လူသတ်မှု၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်ရှိအချိန်ထိ အရေးယူနိုင်တာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ သိန်း ၁ ထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။