ရွှေဖီမြေ၊ ဧပြီ ၄ ရက်
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ပြီး သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရခိုင့်ဦးဆောင်ပါတီ AFP နဲ့ မိုင်းလားတပ် NDAA တို့က ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ရခိုင့်ဦးဆောင်ပါတီ AFP ရဲ့ သဝဏ်လွှာထဲမှာ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နှစ်ပေါင်းများစွာ လုပ်ကိုင်နိုင်စွမ်းပြည့်ဝပြီး အောင်မြင်မှုကို သိမ်းကြုံးယူနိုင်သူဖြစ်တာကြောင့် မြန်မာနိုင်ငံတိုးတက်အောင်မြင်မယ့် အစီအမံအသစ်တွေကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းနီတိုင်းရင်းသားတွေရဲ့ ရပ်တည်မှုနဲ့ ပကတိအခြေအနေတွေကို အသိအမှတ်ပြုပြီး ပြည်ထောင်စုရဲ့ ထာဝရအစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ဖော်ဆောင်နိုင်မယ့် အခင်းအကျင်းတွေကို မင်းအောင်လှိုင် အစိုးရလက်ထက်မှာ အောင်မြင်စွာမြင်တွေ့နိုင်ဖို့ ယုံကြည်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ မိုင်းလားတပ် NDAA ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် ရွှေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
“ဝ” တပ်ဖွဲ့ – UWSA ကလည်း စစ်ခေါင်းဆောင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်စဉ် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သလို အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း မနေ့ ဧပြီ ၃ ရက်မှာပဲ အစောဆုံးသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
မနေ့ ဧပြီ ၃ ရက်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်ရေး ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောက ဒုသမ္မတ (၁) နဲ့ ကြံခိုင်ရေးပါတီ – USDP ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက ဒုသမ္မတ (၂) အဖြစ် အသီးသီး တင်မြောက်ကြတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။