ဇွန် ၁၇၊ စစ်ကိုင်း
စစ်ကိုင်း PDF ကွပ်ကဲရေးမှူးဖြစ်တဲ့ စစ်ငြိမ်းနိုင်အပါအဝင် ရဲဘော် ၃ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံတပ်ရင်းတွေက ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း သူတို့တပ်နဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
စစ်ငြိမ်းနိုင်နဲ့ သူ့ရဲ့ရဲဘော် ၃ဦးတို့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖိတ်ကြားထားတဲ့ ဆွေးနွေးပွဲတစ်ခုကို သွားရောက်ပြီး အပြန် ဇွန်လ ၁၅ရက်နေ့မှာ ကသာခရိုင် ကွပ်ကဲရေးမှူး ဒူးချွန်ဇော်ဆိုင်းက တားဆီးပြီး အမှတ်(၁)စစ်ဒေသမှူးမှ တွေ့ဆုံလိုကြောင်း ပြောဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“၁၆ရက်နေ့ မနက်ရောက်တော့ အဆက်အသွယ်ရသေးတယ်။ ဗန်းမောက်နယ်မှာလည်း အဆက်သွယ်ရတယ်။ ပင်လည်ဘူး တိုင်းရုံးဖက်ခေါ်သွားတာ ဖြစ်ဖို့များတယ်”လို့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
စစ်ငြိမ်းနိုင်တို့အဖွဲ့ကို ခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့ ဇွန်လ ၁၇ရက်နေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ NUGက သူတို့ရဲ့ ကွပ်ကဲမှုအောက်မှ မရှိတဲ့ အခြားတော်လှန်ရေးအဖွဲခေါင်းဆောင်တွေကို မကြာခဏဖမ်းဆီးလေ့ရှိသလို တော်လှန်ရေးအဖွဲ့အချင်းချင်း မကြာခဏဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။