ဝတ်ရည်၊ ဇွန်လ ၁၇ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဒီဒေသမှာက စစ်ကြောင်းမရှိဘူး။ ဘာတိုက်ပွဲမှ မရှိပဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ကျေးရွာက ဒေသခံတွေတော့ အနည်းနဲ့အများတော့ တိမ်းရှောင်တာတွေတော့ ရှိပါတယ်ဗျ”
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ၁ ဦး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေကာ ကျေးရွာက နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ကိုမုန်တိုင်းက ပြောပါတယ်။
ဒါ့အပြင် မနေ့ ဇွန်လ ၁၆ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာလည်း နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ရွာထဲကို စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အသေခံဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေတာပါ။
လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။