ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက မြို့တွင်းရှိ စိန်ရွှေရတနာဆိုင်ကို ဓားပြတိုက်တာကြောင့် အမျိုးသား ၁ ဦးကိုတော့ ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၇ ရက် နေ့လယ် ၁၁ နာရီခွဲမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်(၈)က “မေ” စိန်ရွှေရတနာဆိုင်ထဲ အသက် ၃၀ ဝန်းကျင်အရွယ် သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက စိန်နဲ့ရွှေတွေကို ဝင်ရောက်ယူဆောင်သွားခဲ့ပြီး တစ်ဦးကိုတော့ ဖမ်းမိခဲ့ပေမဲ့ သေနတ်နဲ့ပစ္စည်းတွေ ယူသွားတဲ့ ကျန်တစ်ဦးက လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မျက်မြင်တွေ့ခဲ့ရသူက “သူထွက်သွားတဲ့အချိန် သေနတ်လည်း ဖောက်သေးတယ်။ စီးလာတဲ့ ဆိုင်ကယ်က CZI မီးခိုးရောင်။ တစ်ယောက်ကတော့ အဲအနားဘဲ ရဲတွေရော လမ်းကလူတွေပါ ဖမ်းမိတာ” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသားကိုလည်း သက်ဆိုင်ရာက ဆက်လက် ရှာဖွေနေပြီး မနေ့ ဧပြီ ၈ ရက်မှာတော့ သံသယရှိသူ အမျိုးသား ၂ ဦးကို မြို့အပြင် စစ်ဆေးရေးဂိတ်မှာ ထပ်မံ ဖမ်းမိထားပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ပြင်ဦးလွင်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ DSA လေ့ကျင့်ရေးကျောင်း ရှိနေတာကြောင့် လုံခြုံရေး တင်းကြပ်ထားပေမဲ့ ဓားပြတိုက်မှုအပြင် လူသတ်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း ပြင်ဦးလွင် နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သလို မတ်လ ၃၁ ရက်ကလည်း ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာနဲ့ သေဆုံးပြီး ပုတ်ပွနေတဲ့ အလောင်း ၂ လောင်းကိုလည်း တွေ့ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။