ရဲမာန်၊ မတ်လ ၃၁ ရက်၊ ဘုတလင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို တာဝန်လွဲပြောင်းတဲ့ မနေ့ မတ်လ ၃၀ ရက်မှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းထဲက ဆေးပေးခန်း ၂ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွာဇော်ကြီး- တော်လှန်အသံက ထုတ်ပြန်ပါတယ်။
မနေ့ မတ်လ ၃၀ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် ငပယင်းစံပြကျေးရွာရှိ အရပ်သားဆေးပေးခန်းကို ဂျက်ဖိုက်တာ ၃ စီး နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တဲ့အပြင်မွေးကင်းစ ကလေးငယ် ၂ဦးလည်း ထုတ်ပြန်ချက်မှာ ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မနေ့ မတ်လ ၃၀ ရက် ညနေ ၄ နာရီဝနကျင်မှာ စစ်ကောင်စီတပ်က အရာတော်မြို့နယ် မြောက်ပိုင်းရှိ မြို့နယ်ဆေးရုံကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။
“ဂျက်ဖိုက်တာ ၂စီးနဲ့ ပေါင် ၂၀၀ ဗုံး ၆ လုံးကြဲသွားတာပါ။ လူနာအသက်ကြီးမိန်းမ ၁ ဦး သေဆုံးသွားပါတယ်။ ထိိခိုက်ဒဏ်ရာရတာက ၃ဦး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အရာတော်မြို့နယ်က မူကြိုကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။