ရွှေဖီမြေ၊ ဇွန်လ ၁၅ ရက်၊ လားရှိုး
၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို ကိုးကန့်တပ်-MNDAA က ပြန်လွှတ်ပေးခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခရှိ စစ်ကောင်စီရဲ့ မိသားစုဝင်တစ်ဦးက ၎င်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ သိန္နီမြို့နယ်ဘက်ကနေ ရမခတိုင်းထဲ စစ်သုံ့ပန်းတွေကို ကားတွေနဲ့ လာရောက်ပို့ဆောင်ခဲ့တာ တွေ့ရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနေ့ နေ့လယ်ပိုင်းမှာ တိုင်းထဲကို သုံ့ပန်းတွေ လာပို့သွားတယ်။ အယောက်ဘယ်လောက်လဲတော့ မသိဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာ MNDAA ရဲ့ ယာဉ်တန်း ၅ စီးလည်း လားရှိုးမြို့တွင်းထဲကို ဝင်လာတာတွေ့ရတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ဘက်က စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတဲ့ဒီနေ့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာ
တွေ့ရပါတယ်။
MNDAA ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေကို အသုတ်လိုက် ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာလည်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၇၀ နီးပါးကို MNDAA က ပြန်လွှတ်ပေးခဲ့ပါတယ်။
MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် MNDAA က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေထဲက ၁,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစလို့ နှစ်ဖက်တပ်တွေ အပစ်ရပ်ခဲ့ပြီး လားရှိုးမြို့ပေါ် နေရာတွေကို MNDAA က စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။