အလင်း၊ ဇွန် ၁၅ ရက်၊ ပုဏ္ဏကျွန်း
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြိုးတံတားအနီးရှိတဲ့ ကင်းချောင်းအတွင်း ဒီနေ့ ဇွန် ၁၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစက်လှေဟာ ရသေ့တောင်မြို့နယ်၊ မစဲကမ်းမှ ကျောက်တော်မြို့သို့ ခရီးသည် ၃၅ ဦး တင်ဆောင်ပြီး ထွက်ခွာလာစဉ် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေထံက သိရပါတယ်။
ဒါ့ပြင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှာဖွေရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။
စက်လှေပေါ် ပါလာတဲ့ ခရီးသည် ၃၅ ဦးထဲမှာ ၂၄ ဦးက အသက်ရှင် ကျန်ရစ်တာဖြစ်ပါတယ်။
“ရှင်သန်ကျန်ရစ်သူတွေအနက် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၃ ဦးယောက်ကို အရေးပေါ် ဆေးကုသမှုခံယူနိုင်ဖို့အတွက် နီးစပ်ရာဆေးရုံကို ပို့ဆောက်ထားပြီးဖြစ်ပါတယ်။” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ရခိုင်မှာ မြစ်ချောင်းတွေ ပေါများတဲ့အတွက် မိုးဦးကာလအတွင်း လေပြင်းတိုက်ခတ်တာနဲ့ လှိုင်းထန်တာတွေကြောင့် စက်လှေတိမ်းမှောက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ဒါ့ကြောင့် ရေကြောင်းခရီး သွားလာသူတွေအနေနဲ့ ကိုယ်လိုက်ပါ စီးနင်းမယ့် စက်လှေနဲ့ သတ်မှတ်ထားတဲ့ ဝန်အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုဖို့ လိုအပ်တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။