ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ မတ်လ ၂၁ ရက်၊ ကွတ်ခိုင်

ကိုးကန့်တပ် ထိန်းချုပ်လိုက်တဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာတချို့မှာ ကိုးကန့်တပ်- MNDAA က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာက စာသင်ကျောင်းတွေမှာ တအာင်းအလံ မထောင်ဖို့၊ တအာင်းစာ မရေးဖို့နဲ့ ရွာအဝင်ဆိုင်းဘုတ်ကို တအာင်းအလံပုံစံ ဆေးမချယ်ဖို့ ပြောခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၂၀ ရက် မနက်မှာ ဟိုကျန့်၊ ဟွေခုတ်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ ကုန်းချမ်း၊ ဆာယာ၊ ကာလိုင်၊ ပန်ကူ၊ ပန်လော့၊ လွယ်ကန်၊ လုံကိန်၊ မန်မိုင်၊ ဟိုဆိုင် စတဲ့ကျေးရွာတွေကို ကာလိုင်ရွာမှာ အစည်းအဝေး ခေါ်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တအာင်းရွာမှာရှိတဲ့ စာသင်ကျောင်းက တအာင်းအလံတွေကို ဖြုတ်ပေးပါတဲ့။ တအာင်းရွာအဝင် ဆိုင်းဘုတ်မှာ ဆေးချယ်ထားတဲ့ အလံတွေလည်း ဖြုတ်ပေးပါတဲ့။ တအာင်းစာနဲ့တော့ ရေးလို့ရတယ်။ တအာင်းအလံပုံစံ မချယ်ရဘူးတဲ့။ စာသင်ကျောင်း ဆိုင်းဘုတ်တွေကိုလည်း တအာင်းစာ မရေးဘဲ သူများ ဖတ်တတ်အောင်လို့ ဗမာစာနဲ့ပဲ ရေးတဲ့။ တရုတ်စာနဲ့ ရေးချင်လည်း ရတယ်တဲ့။ TNLA အုပ်ချုပ်တုန်းကလည်း သူတို့ပြောတာကို ငါတို့နားထောင်ခဲ့တာပဲတဲ့။ အခု ကိုးကန့် အုပ်ချုပ်ရင်လည်း ကိုးကန့် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေရမယ်တဲ့”

အစည်းအဝေးထဲ TNLA တပ်သားတွေအနေနဲ့ အရပ်ဝတ်နဲ့ ကျေးရွာထဲ နေလို့ရပြီး သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေရှိရင် ၃ ရက်အတွင်း လာအပ်ဖို့၊ စစ်ရှောင်နေတဲ့ ဒေသခံတွေအနေနဲ့ ရပ်ရွာထဲ ပြန်လာနေပြီး လုပ်ကိုင်စားသောက်ဖို့၊ TNLA ရဲ့ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ကျောင်းဆရာဆရာမတွေ ၎င်းတို့နဲ့လာရောက်ပူးပေါင်းပါဝင်ဖို့၊ တိုက်ပွဲအတွင်း ရွာထဲ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာ ရတာနဲ့ နေအိမ် ထိခိုက်တာတွေရှိရင် စာရင်းလာပေးဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက တအာင်းကျေးရွာတချို့မှာတော့ ရွာအဝင်ဆိုင်းဘုတ်မှာ ဆေးချယ်ထားတဲ့ တအာင်းအလံပုံစံတွေကို ဖျက်ဆီးသွားတာလည်း ရှိတယ်လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တချို့ရွာမှာ ဒီနေ့မနက်ပိုင်းလောက်မှာ သူတို့(ကိုးကန့်တပ်)က ရွာအဝင်ဆိုင်းဘုတ်မှာ တအာင်းအလံပုံစံ ဆေးချယ်ထားတဲ့ဟာတွေကို လာဖျက်သွားတာတွေရှိတယ်”

အလားတူ မန်နောင်၊ ကုန်းဆာ၊ ကောင်းခမ်၊ ဆိုင်ခေါင်၊ ပန်စံနဲ့ အနီးအနားရှိ ကချင်ကျေးရွာကတော့ သိန္နီနဲ့ကွတ်ခိုင်ကြားရှိ မန်ပိန်းရွာမှာ အစည်းအဝေး သွားတက်ခဲ့ရတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အစည်းအဝေး သွားတက်တဲ့ နေရာကတော့ အဲဒီရွာအဝင်ဆိုင်းဘုတ်က အလံကိစ္စတွေပြောတာ မတွေ့ဘူး။ ဒါပေမဲ့ စာသင်ကျောင်းမှာ ထောင်ထားတဲ့ အလံတော့ ဖြုတ်ခိုင်းတာ ဟုတ်တယ်”

ကာလိုင်ရွာမှာ ကျင်းပတဲ့ အစည်းအဝေးကိုတော့ MNDAA ရဲ့ တိုက်နယ်မှူးအဆင့်ရှိသူက တက်ရောက်ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ် တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။