ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ လားရှိုး
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ရှမ်းမြောက် လားရှိုးမြို့မှာ ချွေးမဖြစ်သူက ရိုက်နှက်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ဟာ ခရစ်ယာန်ဘာသာ မဝင်လို့ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်တာလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဟာ ရွှေရင်ကျော်ဂိုဏ်းဝင် ဖြစ်ပြီး ၎င်းရဲ့ ယောက္ခထီးဖြစ်သူ သင်းအုပ်ဆရာ ဦးယောဟန်က ခရစ်ယာန်ဘာသာဝင်ဖို့ ပြောရာကနေ မဝင်တာကြောင့် မိသားစုလိုက် အိမ်ထဲပိတ်ပြီး ဝိုင်းရိုက်ခဲ့တာလို့ သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူ့ယောက်ျားအဖေက သင်းအုပ်ဆရာ ဦးယောဟန်။ ချွေးမဖြစ်သူကို ဘာသာရေးအရ စည်းရုံးမရတော့ အကြမ်းနည်းသုံးတာ။ ကလေးမက ရွှေရင်ကျော်ဂိုဏ်းဝင်ထားတယ်။ အိမ်သော့ခတ်ပြီး ၄ ယောက်က ၁ ယောက်ကို ဝိုင်းရိုက်တာ” လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး တအာင်းလူမျိုးဖြစ်ကာ ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းမှာ ကွဲအက်နေတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဦးခေါင်းကို နံရံနဲ့ ဆောင့်တာနေမှာ။ ဦးခွံလေးနေရာ ကွဲတယ်။ လည်ပင်းရိုးလည်း ကျိုးသွားတယ်။ အချက်ပေါင်း ရာချီ ရိုက်ခံရတဲ့ ပုံစံပဲ” လို့ ဆိုပါတယ်။
လက်ရှိမှာ တရားခံ ဦးယောဟန်နဲ့ ၎င်းရဲ့ သားဖြစ်သူ အပါအဝင် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီရဲ့ ရဲတွေက ဖမ်းဆီးထားပြီး ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။