ရွှေဖီမြေ၊ မေလ ၅ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကားခိုးမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး အုပ်စုလိုက် ဖွဲ့ထားတဲ့ ကားသူခိုးတွေ သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၄ ရက် ရပ်ကွက်(၇)၊ နယ်မြေ(၆)မှာ ဟိုက်ဂျက်ကားတစ်စီး ထပ်မံ ခိုးယူခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ညသန်းခေါင်မှာ လာခိုးတာ။ မနေ့ည ပျောက်တဲ့ကားက ရေဆေးခုံမှာ ထားတာ။ အုပ်စုလိုက် ဖွဲ့ပြီး လာခိုးတာ။ ကားပျောက်တာလည်း တစ်စီးမှ ပြန်မရဘူး။ အခုက မီးကြိုးတွေ မခိုးတော့ဘူး။ ကားတွေ ပြန်ခိုးနေတာ”
လားရှိုးမြို့ကို စစ်တပ် ထိန်းချုပ်ပြီးနောက် ကားခိုးယူခံရမှုအပြင် ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာ၊ လုယက်တာတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ စစ်တပ်ဘက်က အရေးယူနိုင်တာ မတွေ့ရဘူးလို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“လားရှိုးမှာက ခိုးဆိုးလုနိုက်တွေ ပေါလာတာ။ စကစဘက်လည်း ဘာမှမလုပ်နိုင်ဘူး။ ဖမ်းမိရင်လည်း ပိုက်ဆံပေး ပြန်လွှတ်ဆိုတော့ သူခိုးတွေက သောင်းကျန်းနေတာ”
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း အမျိုးသား ၂ ဦးက ကားဝယ်မယ်လို့ဆိုကာ ကားပွဲစား အမျိုးသားကို သတ်ဖြတ်ပြီး ကားကို လုယူသွားကာ တရားခံတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
မေလ ၃ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက်(၁) ပါရမီလမ်းသွယ် (၆)အနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးတစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသား ၄ ဦးက ဓားထောက်ပြီး ဆိုင်ကယ်နဲ့ ငွေ သိန်း ၁၀၀ လုယူသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။