ရွှေဖီမြေ၊ မေလ ၅ ရက်၊ မြစ်ကြီးနား
မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေမှုကို အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့နဲ့ ကချင်ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်လာပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံ ရေကာတာစီမံကိန်းဟာ ၂၀၁၁ ခုနှစ်ကတည်းက ရပ်နားခဲ့တာဖြစ်ပြီး ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းတာဟာ ကချင်ဒေသခံတွေရဲ့ဆန္ဒနဲ့လူထုရဲ့ သဘောထားကို ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အမိန့်အမှတ် ၂၁၄/၂၀၂၅ အရ စီမံကိန်း ကန့်ကွက်သူတွေကို ဥပဒေအရ အရေးယူမယ်ဆိုတာနဲ့အတူ အတုအယောင် လူထုဆန္ဒခံယူပွဲ ပြုလုပ်နေမှုဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ကြေညာချက်အရ မြစ်ဆုံ ရေကာတာစီမံကိန်းဟာ တရုတ်အစိုးရနဲ့ အာဏာရှင် အစိုးရအဆက်ဆက်ကြား သဘောတူညီမှုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး လူထုတွေရဲ့ သဘောတူညီချက် မရှိဘဲ စီးပွားရေး အကျိုးအမြတ်အတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းဟာ အမြင့် ၁၃၉.၅ မီတာနဲ့ အကျယ် ၁,၃၁၀ မီတာရှိပြီး စင်ကာပူနိုင်ငံအရွယ်အစားလောက် ဒေသတစ်ခုလုံး ရေလွှမ်းမိုးနိုင်ကြောင်းနဲ့ သဘာဝ ရေ အရင်းအမြစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်စီးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လူဦးရေ ၁၂,၀၀၀ ခန့်ကို နေရပ်စွန့်ခွာစေခဲ့ပြီး မျိုးဆက်တစ်လျှောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။
မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပယ်ဖျက်ဖို့ တောင်းဆိုထားပြီး လူထုတွေအတွက် အကျိုးမရှိဘဲ လူနေမှုဘဝ၊ အိမ်ယာနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်အစိုးရပိုင်ကုမ္ပဏီ SPIC-YN ကို စီမံကိန်း ပြန်လည်စတင်ဖို့ ဖိအားပေးမှုတွေ ရပ်တန့်ဖို့၊ လူထုတွေကို ခြိမ်းခြောက်မှု မလုပ်ဖို့နဲ့ အတုအယောင် လူထုဆန္ဒခံယူပွဲ မပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်အတွင်း ဒေသခံတွေရဲ့ အမှန်တကယ် သဘောတူညီမှု မရှိဘဲ ဘယ်ဖွံ့ဖြိုးရေး စီမံကိန်းကိုမဆို အတင်းအကြပ် ဆောင်ရွက်မှု မပြုလုပ်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။