ရွှေဖီမြေ၊ ဧပြီ ၁၁ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်လို့ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဧပြီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာနဲ့ နမ့်အွမ်ရွာကြားမှာရှိတဲ့ ကုန်းအဆင်းမှာ ခရီးသည်ကားတစ်စီး ဘရိတ်ပေါက်ရာကနေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
“မှောက်တဲ့နေရာမှာ ၃ ယောက် ပွဲချင်းသေတယ်။ လမ်းမှာတစ်ယောက် ထပ်သေတယ်။ ဆေးရုံမှာလည်း ၂ ယောက် ထပ်သေတယ်။ ဒဏ်ရာ ရသူက ၁၃ ယောက်ရှိမယ်။ ကားဆရာ ဒဏ်ရာ ရတာလား သေတဲ့အထဲ ပါသွားတာလား မသိရဘူး။ သူ့ကို မတွေ့ရသေးဘူး” လို့ ၎င်းအမျိုးသားက ပြောပါတယ်။
ကားထဲ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး ၎င်းတို့က မန္တလေးကနေ မူဆယ်ဘက် တက်လာတဲ့ ခရီးသည်တွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
အဲဒီ နမ့်ဖတ်ကာနဲ့ နမ့်အွမ်ကြားမှာရှိတဲ့ ပန်ဂျရော့ပ်ကျေးရွာအနီး ကုန်းအဆင်းမှာ ကား ဆိုင်ကယ် တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားနေတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။