ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ ရွှေလီ
ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကတ်နဲ့ ဝင်လာပြီး ရက်လွန် နေထိုင်သူနဲ့ ခိုးပေါက်ကနေ ဝင်လာတဲ့သူတွေကို တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေပါတယ်။
ရွှေလီ၊ ကျန်ဖုန်း၊ ရင်ကျန်း၊ မန်စီ စတဲ့မြို့တွေမှာ တရုတ်ရဲက တစ်ပတ်ကတ်နဲ့ ခိုးပေါက်ကနေ အလုပ်ဝင်ရောက်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေကို အခန်းတွေထဲအထိ ဝင်ရောက် စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ရှိသလို ကားလမ်းမပေါ်မှာလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရင်ကျန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့က နေလာတာ ၇ နှစ်ကျော်ပြီ။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ ရဲတွေ ပြောပြချက်အရတော့ အသက် ၃၅ အောက်ဆိုရင် စစ်မှုထမ်း လုပ်ရမယ် အဲကြောင့် ပြန်ခိုင်းတာ။ အသက် ၄၅ အထက်ဆိုရင် ပြန်ဝင်ချင် ပြန်ဝင်လို့ ရသေးတယ်တဲ့။ စမက်ကဒ်လုပ်ပြီး ပြန်ဝင်လို့ ရတယ်တဲ့။ အရင်တုန်းက သူတို့လာစစ်ရင်လည်း ဧည့်စာရင်း တိုင်မတိုင်ပဲမေးပြီး ပြန်သွားတာ။ အရင်ကတည်းက ဖမ်းတာ ဒီလောက်အထိ မဟုတ်ဘူး။ စစ်ကောင်စီ ပြန်သွားပြီးကတည်းက သူတို့ဖမ်းတာ တောက်လျှောက်ပဲ”
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ ၅ ရက်ကြာ တရုတ်-မြန်မာ အစည်းအဝေးအပြီး တရုတ်ရဲက အရင်ကထက် မြန်မာနိုင်ငံသားတွေကို ပိုမိုစစ်ဆေးကာ ဖမ်းဆီးလာတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်ဘက် အလုပ်ဝင်ရောက် လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက လာမယ့် ဇူလိုင် လကုန်အထိ နေရပ်အကုန်ပြန်ပို့ပေးမှာဖြစ်တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
“ကျမတို့ကိုတော့ ဖမ်းတာမဟုတ်ဘူး။ ကျမတို့က ဧည့်စာရင်း အမြဲတင်တာဆိုတော့ သူဌေးကို ဖုန်းဆက်ပြီး ခေါ်ခိုင်းတယ်။ ဘာကြောင့် ခေါ်ခိုင်းလဲ မသိဘူးလေ။ ရဲစခန်းရောက်တော့ သူတို့ပြောတာ ဒီလိုရှိတယ်တဲ့ တရုတ်ပြည်မှာ ပေးမနေတော့ဘူးတဲ့ လူကြီးတွေပြောတာ အကုန်ပြန်ပို့ခိုင်းတာတဲ့။ ၇ လပိုင်း လကုန်အထိတဲ့”
တရုတ်ဘက် အလုပ်ဝင်ရောက်လုပ်ကိုင်ကြပြီး အထောက်အထား မရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက မကြာခဏ ဝင်ရောက်စစ်ဆေးဖမ်းဆီးနေပေမဲ့ နေ့စဉ် တရုတ်ပြည်ထဲ ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ရာချီ ရှိနေတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကဒ်သမားနဲ့ ခိုးပေါက်ကနေ ဝင်လာတဲ့သူတွေအပြင် BP စာအုပ်အနီနဲ့ သက်တမ်းလွန် နေထိုင်သူတွေကိုလည်း တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေတာတွေလည်း ရှိပါတယ်။
ဒါ့အပြင် BP စာအုပ်အနီ ကိုင်ဆောင်သူတွေကို တရုတ်ရဲက ကျယ်ဂေါင်ဘက်ကနေ ရွှေလီထဲဝင်ဖို့ ထောက်ခံချက်၊ ဆေးစစ်တာ၊ ဆံပင် စစ်တာတွေ ပြုလုပ်ပြီး မူးယစ်ဆေးဝါး မသုံးစွဲကြောင်း စစ်ဆေးချက် အောင်ကာ ရောဂါ မရှိမှသာ ရွှေလီထဲ ဝင်လို့ရမှာ ဖြစ်ပါတယ်။
“စာအုပ်အနီသမားတွေက နန်းတော်ပေါက်မှာ ဆံပင် ခဏခဏ စစ်ခံရတယ်။ ဆီး စစ်တယ်။ အောင်မအောင်ပေါ့ မူးယစ်ဆေးဝါးသုံးတာ ပေါ်ရင်တော့ ပြည်ဝင်ခွင့်ကို အနည်းဆုံး ၃ နှစ် ပိတ်ခံရတယ်” ဆိုပြီး ၎င်းအမျိုးသားက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်- TBP နဲ့ သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ထွက်ခွာခွင့် ကန့်သတ်ခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာက သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ပြည်ထဲ အလုအယက် ဝင်ရောက်ကြတဲ့သူတွေဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။