ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA ထိန်းချုပ်နယ်မြေအတွင်းရှိ ဓာတုနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံအကုန်လုံးကို ယာယီရပ်နားပြီး စစ်ဆေးပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ “ဝ”ပြည် ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးဌာနက WSP ရဲ့ အွန်လိုင်းစာမျက်နှာကနေတဆင့် ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ကို မနေ့ ဧပြီ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက် ထုတ်တဲ့နေ့ကစပြီး “ဝ”ပြည်အတွင်းမှာရှိတဲ့ ဓာတုစက်ရုံနဲ့ ဖောက်ခွဲရေးပစ္စည်းစက်ရုံတွေအနေနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ ချက်ချင်းရပ်နားပြီး စစ်ဆေးရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ပြုပြင်ရေးကာလအတွင်း ဘယ်လုပ်ငန်းအဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ခွင့်မပြုဘဲ ထုတ်လုပ်မှုတွေကို ပြန်လည်လုပ်ဆောင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ထုတ်ပြန်ချက်အတိုင်း မလိုက်နာခြင်း၊ လျှို့ဝှက်ထုတ်လုပ်မှု ပြုလုပ်ခြင်း၊ ပြုပြင်ရေး လိုအပ်ချက်တွေကို မလိုက်နာတာတွေကို ပြုလုပ်တဲ့ လုပ်ငန်းအဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေကို “ဝ”ပြည်အခြေခံဥပဒေနဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဓာတုနဲ့ ဖောက်ခွဲရေးပစ္စည်း စက်ရုံလုပ်ငန်းတွေ ပြန်လည်စတင်ခွင့်ကို “ဝ”ပြည်ဖောက်ခွဲရေးပစ္စည်း စံမံခန့်ခွဲရေးဌာနက စစ်ဆေးလက်ခံပြီးမှသာ အသိပေးကြေညာမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က “ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ပန်ခမ်းခေါ် ပန်ဆန်းမြို့အနီးမှာ ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲလို့ လူရာနဲ့ချီ ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။