ဝတ်ရည်၊ မေလ ၁၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ တရုတ်စာသင်ကျောင်းမှာ ကျောင်းသူအချင်းချင်း ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ တရုတ်ကျောင်းတက်တဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အရိုက်ခံရတဲ့ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောလို့တဲ့။ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောတာကို ဝန်မခံဘဲ လိမ်နေလို့တဲ့။ ကလေးတွေအချင်းချင်း စကားများပြီး ရိုက်နှက်တာတွေ လုပ်တာပါ။ အဲဒီကလေးမကို ရိုက်တဲ့ကလေးမက ကျောင်းမှာလည်း အရမ်းဆိုးတဲ့သူလို့တော့ ကျမ ကလေးတွေ ပြောပြကြတာပဲ”
ဖြစ်စဉ်ဟာ လားရှိုးမြို့ ရပ်ကွက် ၇ မှာ ကျောင်းသူအချင်းချင်း ရိုက်နှက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ကျောင်းသူအုပ်စုတစ်ခုက အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို လည်ပင်း ညှစ်တာနဲ့ ပါးကို အကြိမ်ကြိမ်ရိုက်တာတွေ ဆိုးဆိုးရွားရွား ရိုက်နှက်နေတာကို တွေ့ရပါတယ်။
“ကလေးမ စိတ်ဒဏ်ရာ ရမှာပဲ ကြောက်နေရတာ။ အရိုက်ခံရတာက တော်တော်လေး ဆိုးတယ်လေ။ ကျောင်းတောင် တက်ရဲအုံးမှာလား မသိဘူး။ ဒီလို နောက်ထပ်မဖြစ်အောင်တော့ မျှော်လင့်ရတာပေါ့” လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
အနိုင်ကျင့်ခံရတဲ့ ကျောင်းသူနဲ့ ကျူးလွန်သူတွေဟာ Shengguang School က ကျောင်းသူတွေဖြစ်ပြီး ဘေးမှာ ဝိုင်းဝန်းကြည့်နေသူတွေထဲမှာတော့ Guomin School က ကျောင်းသားတွေလည်း ပါဝင်နေတယ်လို့ လားရှိုးမြို့မှာရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို ကျောင်းတွင်း အနိုင်ကျင့်မှုနဲ့ ပတ်သက်ပြီး နောက်ထပ် မဖြစ်ပွားအောင် တားဆီးကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။