မိုင်းပန်ပျော်၊ ဧပြီ ၉ ရက်၊ တန့်ယန်း
စစ်ကောင်စီ ထိန်းချုပ်တဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ ဖုန်းဆိုင်တစ်ဆိုင်ထဲကနေ ဖုန်းလုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား ၂ ဦးကို ဆိုင်ရှင်နဲ့ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက် မနက် ၁၁ နာရီလောက်မှာ တန့်ယန်းမြို့ ရပ်ကွက် ၃ ထဲမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်မှာ လုယက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ အမျိုးသား ၂ ဦးက ဖုန်း ဝယ်မယ်ဆိုပြီး ဆိုင်ထဲ ဝင်လာပြီးတော့ ဖုန်း ယူကြည့်ရာကနေ ဖုန်းယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဖုန်း ဝယ်မလိုလိုနဲ့ ဆိုင်ထဲ ဝင်လာပြီး ဖုန်း ထုတ်ပြလိုက်တာနဲ့ ဖုန်းကိုယူပြီး ထွက်ပြေးသွားတာ။ အဲဒါနဲ့ ဆိုင်ရှင်ရဲ့အမျိုးသမီးက ဆိုင်ကယ် တွန်းလဲပြီး သူတို့နှစ်ယောက်ကို ဝိုင်းဖမ်းလိုက်တာ”
အဲဒီနောက် ဆိုင်ရှင်နဲ့ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီး အဆိုပါ အမျိုးသား ၂ ဦးကို ရဲလက်ထဲ အပ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ တန့်ယန်းမြို့မှာ လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးတွေ ပေါများလာတာကြောင့် မြို့ပေါ်မှာ ခိုးဆိုးလုယက်မှုနဲ့ ဓားပြတိုက်မှု မကြာခဏ ဖြစ်ပွားလာနေပြီး ဒေသခံတွေအတွက် လုံခြုံရေးအခြေအနေ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း တန့်ယန်းမြို့မှာ UWSA တပ်ဖွဲ့ အယောင်ဆောင်ပြီး ရွှေ လုယူထွက်ပြေးခဲ့တဲ့ အမျိုးသားတစ်ဦးကို UWSA က ဖမ်းဆီးရမိတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။