ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ လမ်း တံတား ပြုပြင်ရေးအတွက် ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော် အသုံးပြုခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ဧပြီ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး မတ်လကုန်အထိ ပျက်စီးနေတဲ့ ကွန်ကရစ်လမ်း ၁၅ ခုကို လမ်းခင်းတာအပြင် တံတား ၂ ခုနဲ့ မြေသားရေမြောင်း ၃ ခု ဖောက်လုပ်ပြုပြင်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့ရှိ ဟိုကပ်၊ အောင်မင်္ဂလာနဲ့ ကောင်နောင်မိုရပ်ကွက်ရှိ လမ်းတွေကို ပြုပြင်ပြီးစီးခဲ့တာကြောင့် လူထုတွေ သွားလာရေး ပိုမိုလုံခြုံချောမွေ့လာစေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ ပျက်စီးနေတဲ့ တံတားတစ်ခုကိုလည်း ပြန်လည်တည်ဆောက်ခဲ့သလို ဝိန်းဆာ၊ မန့်ခမ်း၊ ကောင်းဆာနဲ့ ပေါက်နေရပ်ကွက်တွေမှာ လမ်းပြုပြင်ခြင်းနဲ့ လမ်းတိုးချဲ့တာတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တရုတ်နယ်စပ်ရှိ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။