ပို့လဘား၊ မတ်လ ၂၁ ရက်၊ ရေဖြူ
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ထားပါတယ်။
ရေဖြူမြို့နယ် ဒဝယ်ခီးကျေးရွာအုပ်စု ရာဖူးရွာကို စစ်တပ်က မနေ့ မတ်လ ၂၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ၁၂၀ မမ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာ မကြားမိဘူး။ အဲလို မကြာခဏ ဖြစ်ပွားလေ့ရှိတယ်။ ရန်သူတပ်က သူတို့နေတဲ့နေရာကနေ ရမ်းသမ်းပစ်နေကြတာဆိုတော့ အခုလည်း အဲလိုမျိုးပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာလည်း စစ်တပ်က သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းတစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသမှာ အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။