ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့ထဲကို စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကိုးကန့်တပ် MNDAA ဆီ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်မြို့ စာသင်ကျောင်းဖွင့်ဖို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ ကိုးကန့်တပ်ထံ စာတင်ထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်အကြောင်းကြားလာတာမရှိသေးဘူးလို့ ဆိုပါတယ်။
” TLEC နာမည်နဲ့တော့မဟုတ်ဘူး။ ယဉ်ကျေးမှုအနေနဲ့ပဲ တောင်းထားတာ။ ယဉ်ကျေးမှုအနေနဲ့ပဲ ဖွင့်ဖို့ တောင်းထားတာပေါ့နော်။TLEC ဆို သူတို့လုံးဝမပေးတော့ဘူး။ အဆောင်လည်း အဲလိုပဲ သူတို့မပေးဘူးလို့တော့ကြားတယ်။ ပေးမယ်လို့လည်းမပြောဘူး မပေးဘူးလို့လည်း မပြောဘူး လောလောဆယ်တော့ ဒီတိုင်းပဲ ဘာမှအကြောင်းမပြန်ဘူးပေါ့”
ကွတ်ခိုင်မြို့ထဲ စာသင်ကျောင်းဖွင့်တာ မရှိသေးတာကြောင့် တချို့ကျောင်းသား/သူတွေက တခြားဒေသနဲ့ မြို့နယ်သို့ ပြောင်းရွှေ့ပြီး ကျောင်းသွားတက်နေရတယ်လို့ ဆိုပါတယ်။
“တချို့ကလေးတွေက အောက်ပြည်ဘက်သွားတဲ့သူတွေလည်း သွားတယ်။ ဝဒေသဘက် သွားတဲ့သူလည်း သွားတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လားရှိုးဘက် သွားတဲ့သူလည်းသွားတယ်လေ။ တကယ်လို့ ဒီမှာ ကျောင်းပြန်ဖွင့်နိုင်မယ်ဆိုရင်တော့ တချို့က ပြန်လာမယ် အဲလိုမျိုးတော့ရှိတာပေါ့နော်။ အခု ကွတ်ခိုင်မှာ ကျောင်းမဖွင့်သေးဘူးဆိုပြီး ဒီဘက်မှာ တာဝန်ကျတဲ့ ဆရာ/ဆရာမတွေလည်း တခြားမြို့ပြောင်းကုန်ကြပြီ။ အခု ဒီဘက်ပြန်လာချင်တဲ့ ဆရာ/မတွေကိုတော့ ပြန်ခေါ်ထားတယ်”
ကွတ်ခိုင်မြို့နယ် မုံးစီးဒေသဘက်မှာတော့ TLEC ကျောင်း ၉ ကျောင်းသာဖွင့်မှာဖြစ်ပြီး လက်ရှိအချိန်အထိ ဆရာ/ဆရာမတွေ လုံလောက်မှုမရှိသေးကြောင်း ၎င်းက ပြောပါတယ်။
“ဆရာ/မတွေ မရောက်လာသေးဘူးဆိုတော့ ကျောင်းအပ်လက်ခံတာတွေလည်း မရှိသေးဘူး။ အခုက စာရင်းပြုစုနေတုန်းပဲ။ လက်ရှိအဲကျောင်းတွေ ဘယ်သူဝင်မလဲဆိုပြီး စာရင်းကောက်နေတယ်။ မုံးစီးမုံးဟွမ်တို့ဘက်က စာသင်ကျောင်း ၉ ကျောင်းပဲစာရင်းရထားတယ်။ ဖွင့်မယ်မဖွင်ဘူးဆိုတာ မသိရသေးဘူး”
ဒါ့အပြင် နမ့်ဖတ်ကာဒေသဘက်တွေမှာလည်း ရရှိထားတဲ့စာရင်းအရ TLEC ကျောင်း ၂၆ ကျောင်းသာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွင်း ကွတ်ခိုင်မြို့နယ်ထဲမှာ TLEC က ကျောင်းပေါင်း ၁၀၇ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/သူ ဦးရေ ၃ ထောင်ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။